အမေရိကန်ရဲ့ ရွှေလိပ်ခုံး (Golden Dome) လေကြောင်းကာကွယ်ရေး စနစ်ဟာ အရမ်း အန္တရာယ်ကြီးပြီး အာကာသ အခြေပြုတဲ့ နျူကလီးယား စစ်ပွဲတွေ လက်တွေ့ ဖြစ်နိုင်ခြေနဲ့ ပိုနီးကပ်သွားစေနိုင်ကြောင်း မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ခေတ်အမီဆုံး ဟိုက်ပါဆောနစ် ဒုံးကျည်တွေ အပါအဝင် လက်နက် အသစ်အဆန်းတွေနဲ့ တိုက်ခိုက်လာမှုကို ထိထိရောက်ရောက် ဟန့်တားနိုင်မယ့် လေကြောင်း ကာကွယ်ရေး စနစ်သစ်အဖြစ် Golden Domeကို အကောင်အထည် ဖော်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
Golden Domeရဲ့ သဘောအရ မြေပြင်၊ ရေပြင်၊ ဝေဟင်တို့အပြင် အာကာသထဲမှာပါ ဖြန့်ကျက်ထားမယ့် လေကြောင်း ကာကွယ်ရေး စနစ်တွေဟာ အမေရိကန်ရဲ့ လေပိုင်နက်ကို အလုံခြုံဆုံး စောင့်ရှောက်ပေးမှာ ဖြစ်တယ်လို့ ထရမ့်က ကြွေးကြော်ခဲ့ပါတယ်။
မေလ ၂၈ ရက်နေ့မှာတော့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ အရမ်း အန္တရာယ်များပြီး နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတွေအတွက် မဟာဗျူဟာ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု တစ်ခုလို့ ခံစားရစေကြောင်း ဝေဖန်ခဲ့ပါတယ်။

Public Service Announcement
ပြီးတော့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ ကမ္ဘာ့အပြင်ဖက် အာကာသထဲမှာ လက်နက်တပ်ဆင်တဲ့ အဓိပ္ပါယ်ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အာဘော်ကို ကိုးကားပြီး KCNAက ဖော်ပြထားခဲ့ပါတယ်။
အမေရိကန်က အာကာသထဲမှာ ဒုံးကျည်ကာကွယ်ရေးစနစ် တည်ဆောက်လိုက်တယ် ဆိုတာဟာ ကမ္ဘာပေါ်မှာ နျူကလီးယား လက်နက် အပြိုင်တပ်ဆင်တာတွေ၊ အာကာသထဲမှာ လက်နက် အားပြိုင်မှုတွေကို အရှိန်မြင့်လာစေမယ့် အခြေခံ အကျဆုံး အကြောင်းတရား ဖြစ်လာနိုင်ကြောင်း၊ အလားတူ ကမ္ဘာ့အပြင်ဖက် အာကာသဟာ အနာဂတ်မှာ နျူကလီးယား စစ်ပွဲနယ်မြေအသွင် ပြောင်းသွားနိုင်ကြောင်းလည်း KCNAက ဆိုပါတယ်။
Golden Domeနဲ့ ပတ်သက်ပြီး တရုတ် အစိုးရကလည်း အလေးအနက် စိုးရိမ်ကြောင်း ကြေညာထားပြီး အမေရိကန်ရဲ့ လုပ်ရပ်ဟာ ကမ္ဘာ့တည်ငြိမ်မှုကို ထိခိုက် နှောင့်ယှက်နေကြောင်း စွပ်စွဲထားပါတယ်။
တစ်ဖက်မှာတော့ အမေရိကန် စစ်တပ်ဟာ နည်းပညာပိုင်း ပိုမြင့်မားလာတဲ့ ဒုံးကျည်တွေနဲ့ ခေတ်ရှေ့ပြေး လက်နက်တွေကို ထိထိရောက်ရောက် တားဆီး ကာကွယ်ဖို့ဆိုရင် ရှိရင်းစွဲ ဖြန့်ကျက်ထားတဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေနဲ့ မလုံလောက်တော့ဘူးလို့ အစဉ်တစိုက် သတိပေး ပြောကြားထားပါတယ်။
ကိုးကား: CNA
