ဂါဇာ ကမ်းမြှောင်ဒေသမှာ အမေရိကန်နဲ့ အစ္စရေးက ကျောထောက်နောက်ခံ ပြုထားတဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ရေး ရိက္ခာ ဖြန့်ဝေမှု အစီအစဉ် စတင်နေပြီး ပါလက်စတိုင်း ပြည်သူတွေက စုပြုံတိုးဝှေ့ လက်ခံယူနေကြောင်း သိရပါတယ်။
ပုဂ္ဂလိက အဖွဲ့အစည်းတွေကို ရိက္ခာဖြန့်ဝေရေး တာဝန် လွှဲအပ်ပေးတာဟာ ကျင့်ဝတ်ပိုင်းအရ ပြဿနာတွေ ရှိနေတယ်လို့ ဝေဖန်ပြီး ပါဝင်ပူးပေါင်းမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂက ပြောထားပေမယ့်လည်း အမေရိကန်ကတော့ စီစဉ်ထားတဲ့ကိစ္စကို မေလ ၂၇ ရက်နေ့မှာ လက်တွေ့ အစပြုခဲ့ပါတယ်။
အစ္စရေးရဲ့ ပြင်းထန်ကျပ်တည်းတဲ့ ပိတ်ဆို့မှုတွေကြောင့် ရိက္ခာပြတ်တောက်ပြီး အခက်ကြုံနေတဲ့ ပါလက်စတိုင်း ပြည်သူတွေဟာ ထောက်ပံ့ရေးပစ္စည်း ဖြန့်ဝေတဲ့ နေရာတွေဆီ ဝရုန်းသုန်းကား အပြေးအလွှား သွားရောက်ရင်း ပြိုကျနေတဲ့ စည်းရိုးတွေပေါ်ကပါ ကျော်လွှားလာနေကြတဲ့ မြင်ကွင်းတွေကို ဗီဒီယိုတွေထဲမှာ မြင်ခဲ့ရပါတယ်။
ဂါဇာတောင်ပိုင်းမှာရှိတဲ့ ရာဖာဟ်မြို့ထဲက ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း (GHF)ရဲ့ ခြံဝင်းထဲမှာ ထောက်ပံ့ရေး ပစ္စည်းတွေကို ဝေမျှပေးခဲ့တာ ဖြစ်ပါတယ်။ တစ်ကြိမ်မှာတော့ လူတွေ အရမ်းများလွန်းနေတာကြောင့် အဖွဲ့သားတွေကပါ ခဏ နောက်ဆုတ်ခဲ့ရတယ်လို့ GHFက ဆိုပါတယ်။ လုံခြုံရေး ယူပေးထားတဲ့ အစ္စရေး စစ်တပ်ကလည်း လူတွေ အရမ်းစုပြုံတိုးနေတဲ့ အခြေအနေမှာ မလွှဲမရှောင်သာအဖြစ် မိုးပေါ်ကို သေနတ်တွေ ပစ်ဖောက်ပြီး လူစုခွဲခိုင်းခဲ့ရကြောင်း ပြောပါတယ်။

Public Service Announcement
GHFဟာ ဂါဇာမှာ လူသားချင်းစာနာမှု ထောက်ပံ့ရေး လုပ်ငန်းစဉ်တွေကို ကုလသမဂ္ဂနဲ့ ချိတ်ဆက်မှု မရှိဘဲ အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားပြီး အမေရိကန် ကြေးစားတိုက်ခိုက်ရေး ကန်ထရိုက် ကုမ္ပဏီတွေကိုလည်း လုံခြုံရေးအတွက် ငှားရမ်းထားပါတယ်။
ကုလသမဂ္ဂကတော့ ရာဖာဟ်မှာ တွေ့ရတဲ့ မြင်ကွင်းတွေဟာ ကြေကွဲစရာ ဖြစ်နေပြီး ဂါဇာလူဦးရေ ၂.၁ သန်းအတွက် လိုအပ်နေတဲ့ အကူအညီတွေကို အမြန်ဆုံး ဖြည့်တင်း ပေးပို့နိုင်အောင် အစွမ်းကုန် ကြိုးစားမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာတော့ အစ္စရေးဟာ ဂါဇာရဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားသလို လူသားချင်း စာနာမှု ပစ္စည်းတွေ တင်ပို့မှုကိုလည်း အနိမ့်ဆုံး ပမာဏမျိုးသာ ခွင့်ပြုပြီး ကန့်သတ်ထားပါတယ်။
တစ်ဖက်မှာတော့ ဂါဇာမှာ လူသားချင်း စာနာမှု အကူအညီတွေ ဝေမျှပေးရေး ကိစ္စကို စတင်တော့မှာ ဖြစ်တယ်လို့ GHFက မေလ ၂၆ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုတို့က အဲဒီ လုပ်ဆောင်ချက်တွေဟာ ရဲရင့်ပြီး ပုံစံခွက်တွေ အပြင်က တွေးခေါ်ဆောင်ရွက်မှုတွေလို့ ချီးကျူး ပြောဆိုထားပါတယ်။
အမေရိကန် အစိုးရ အရာရှိတွေဟာ ဂါဇာအခြေစိုက် ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဟာ ရိက္ခာဝေမျှရေး ဇုန်နေရာတွေဆီ ပါလက်စတိုင်း ပြည်သူတွေ မသွားနိုင်အောင် ဟန့်တားဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ GHFဟာ လုပ်ငန်းစတင်ချိန် ကတည်းက လူပေါင်း ၄၆၂၀၀၀ အတွက် တစ်နပ်စာ စားနပ်ရိက္ခာတွေ ဝေမျှထားပြီး ဖြစ်တယ်လို့ အဲဒီ အရာရှိတွေက ဆိုပါတယ်။ ဟားမားစ်တွေအပေါ် စွပ်စွဲချက်နဲ့ ပတ်သက်လို့တော့ အမေရိကန် အာဏာပိုင်တွေက တိကျတဲ့ ဘာအထောက်အထားမှ မပြသခဲ့ပါဘူး။
အစ္စရေး စစ်တပ်က ရာဖာဟ်နားမှာရှိတဲ့ တယ်လ်အယ်လ်ဆူလ်တန် ရပ်ကွက်မှာ မေလ ၂၇ ရက်နေ့က နှစ်နေရာခွဲပြီး ရိက္ခာဝေမျှမှုတွေ စတင်နိုင်ခဲ့တယ်လို့လည်း အစ္စရေးစစ်တပ်က သီးခြား အတည်ပြု ထုတ်ပြန်သွားခဲ့ပါတယ်။
ကိုးကား: BBC
