close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်ကို ရူးနေပြီလို့ ထရမ့်ဝေဖန်၊ ထရမ့်က စိတ်ခံစားမှု လွန်ကဲနေတယ်လို့ ရုရှားတုံ့ပြန်

ဗလာဒီမာ ပူတင်ဟာ ရူးနှမ်းနေပြီလို့ ဝေဖန် ပြောဆိုခဲ့တဲ့ ဒေါ်နယ်လ်ထရမ့်ဟာ စိတ်ခံစားမှု လွန်ကဲနေတယ်လို့ ရုရှားအစိုးရက တုံ့ပြန်ခဲ့ပါတယ်။

AP Photo

ဗလာဒီမာ ပူတင်ဟာ ရူးနှမ်းနေပြီလို့ ဝေဖန် ပြောဆိုခဲ့တဲ့ ဒေါ်နယ်လ်ထရမ့်ဟာ စိတ်ခံစားမှု လွန်ကဲနေတယ်လို့ ရုရှားအစိုးရက တုံ့ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရုရှားဟာ စစ်ပွဲကာလတလျှောက် အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုအဖြစ် ယူကရိန်းနိုင်ငံ အနှံ့ကို ဒရုန်းတွေ၊ ဒုံးကျည်တွေ အုံလိုက်ကျင်းလိုက် ပစ်ခတ်ခဲ့ပါတယ်။ ဒရုန်းနဲ့ ဒုံးကျည် စုစုပေါင်း ၃၆၇ စင်းကို စုပြုံပစ်လွှတ်ခဲ့တဲ့ ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ လူ ၁၃ ဦးသေဆုံးခဲ့ပါတယ်။

သမ္မတထရမ့်ရဲ့ အမေရိကန် အစိုးရက ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲကို ရပ်ဆိုင်းဖို့ နှစ်ဖက်စလုံးကို ဖိအားပေးနေတဲ့ အချိန်မှာပဲ ရုရှားက အခုလို ရက်စက် ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုမျိုးကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ရုရှားသမ္မတ ပူတင်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး အမြဲတမ်း ထားရှိနိုင်ခဲ့ကြောင်း၊ ဒါပေမဲ့ အခုတော့ ပူတင်မှာ တစ်ခုခု ဖြစ်နေတယ်လို့ ထင်လာကြောင်း၊ ပူတင်ဟာ လုံးဝဥဿုံ ရူးသွားကြောင်း၊ မလိုအပ်ဘဲ လူတွေအများကြီးကို ပူတင်က သတ်ဖြတ်နေပြီး အဲဒါဟာ စစ်သားတွေတင် မကကြောင်း၊ ပူတင်ဟာ အကြောင်းပြချက် မယ်မယ်ရရ မရှိဘဲ ယူကရိန်းရဲ့ မြို့တွေကို ဒုံးကျည်တွေ ဒရုန်းတွေနဲ့ ပစ်ခတ်နေကြောင်း မေလ ၂၆ ရက်နေ့မှာတော့ ထရမ့်က သူတည်ထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ မတိုင်ခင်မှာလည်း ထရမ့်က ပူတင်လုပ်နေတဲ့ ကိစ္စတွေအတွက် သူမပျော်ကြောင်း၊ ပူတင်ဟာ လူတွေ အများကြီးကို သတ်ဖြတ်နေပြီး ပူတင်က ဘာတွေဖြစ်နေမှန်း သူမသိတော့ကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါသေးတယ်။

ရုရှားသမ္မတ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်ကတော့ ထရမ့် ပြောဆိုခဲ့တဲ့ စကားတွေဟာ ဆက်စပ်ပါဝင်သူတွေ အားလုံးရဲ့ စိတ်ခံစားချက် လွန်ကဲမှုကနေ ထွက်ပေါ်လာတာမျိုး ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ရုရှားအနေနဲ့ကတော့ ယူကရိန်းနဲ့ စေ့စပ်ဆွေးနွေးမှုတွေ အထမြောက်စေဖို့ သမ္မတ ထရမ့်နဲ့ အမေရိကန်နိုင်ငံရဲ့ အားစိုက်ခွန်စိုက် ပါဝင်နေမှုကို အမြဲတမ်း ကျေးဇူးတင်နေမှာ ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပဲ အခုလိုမျိုး အရမ်းအရေးကြီးတဲ့ ကာလမျိုးမှာ ဆက်နွှယ်ပတ်သက်သူတိုင်းက စိတ်ခံစားချက် လွန်ကဲနေပြီး ခံစားချက်ကို အလွန်အကျွံ ဖော်ပြတဲ့ တုံ့ပြန်မှုမျိုးတွေ ဖော်ပြလာတတ်ကြောင်းလည်း ပက်စ်ကော့ဗ်က ဆိုပါတယ်။

အစောပိုင်းတုန်းက ထရမ့်ဟာ ပူတင်တစ်ယောက်တည်းကိုပဲ ပစ်မှတ်ထား ထိုးနှက်ခဲ့တာ မဟုတ်ဘဲ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကိုလည်း ဝေဖန် တိုက်ခိုက်ခဲ့ပါတယ်။ ဇီလန်စကီးက အမေရိကန်ရဲ့ နှုတ်ဆိတ်နေမှုကြောင့်သာ ရုရှားက ပိုအတင့်ရဲပြီး ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာလို့ ဝေဖန်ခဲ့ပါတယ်။ ဒီစကားနဲ့ ပတ်သက်ပြီး ထရမ့်က ဇီလန်စကီး ပြောဆိုနေတဲ့ ပုံစံတွေဟာ သူ့နိုင်ငံ ယူကရိန်းအတွက် ဘာကောင်းကျိုးမှ ဖြစ်စေမှာ မဟုတ်ကြောင်း၊ ဇီလန်စကီးရဲ့ ပါးစပ်က ထွက်ကျလာသမျှ စကားလုံးတွေဟာ ပြဿနာတွေဆီ ဦးတည်နေကြောင်း၊ ဒါကို သူလုံးဝ သဘောမကျကြောင်း၊ ဇီလန်စကီးအနေနဲ့ ပါးစပ်ပိတ်ထားတာ ပိုကောင်းကြောင်း ထရမ့်က ဆိုပါတယ်။

ထရမ့်ဟာ စစ်ရပ်ဆိုင်းရေး ကိစ္စအတွက် နှစ်ဖက်စလုံးကို အပြင်းအထန် ဖိအားပေး တောင်းဆိုနေပေမယ့်လည်း လက်တွေ့ အခြေအနေတွေအရ ထင်ရှားမြင်သာတဲ့ ဘာတိုးတက်မှု လက္ခဏာမှ မတွေ့သေးကြောင်း လေ့လာစောင့်ကြည့်သူတွေက မှတ်ချက်ပေးထားကြပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ရဟတ်ယာဉ်ကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြောင်း ရုရှား စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦးက စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ တိုက်ခိုက်မှုတွေကို အမေရိကန် အစိုးရက ရှုတ်ချခြင်း မရှိလို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပိုပြီး အတင့်ရဲလာနေတယ်လို့ ယူကရိန်း သမ္မတက စွပ်စွဲ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ တောင်အာဖရိက သမ္မတ ဆိုင်ရဲလ် ရာမာဖိုဆာကို လက်ခံ တွေ့ဆုံချိန်မှာ လူမျိုးသုဉ်း သတ်ဖြတ်မှု အပါအဝင် ရန်လိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြင်းပြင်းထန်ထန် ဝေဖန် ထိုးနှက်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ဆန်းသစ်တဲ့ အနာဂတ် လေကြောင်း ကာကွယ်ရေး အစီအမံအဖြစ် ရွှေသား အမိုးခုံး (Golden Dome) စနစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့်က မိတ်ဆက် ပြသခဲ့ပါတယ်။

Facebook