ထိုင်းမှာ ရဲတပ်ဖွဲ့သုံး ရဟတ်ယာဉ်တစ်စီး ပျက်ကျပြီး မီးလောင်ခဲ့တာကြောင့် လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
မေလ ၂၄ ရက်နေ့တုန်းက ပရာချွပ် ခီရီခန် ပြည်နယ်ထဲက မွိုင်ခရိုင်ထဲမှာ ရဟတ်ယာဉ် ပျက်ကျမှု ဖြစ်ခဲ့တာပါ။ နေ့လယ်ပိုင်းမှာ ရဟတ်ယာဉ်ဟာ နောင်ကော့ရွာမှာ ပျက်ကျသွားပြီး မီးလောင်ကျွမ်းသွားခဲ့ကြောင်း၊ အသေအပျောက် ၃ ယောက် ရှိခဲ့ပြီး ၁ ဦးကတော့ အသက်ရှင် လွတ်မြောက်ခဲ့ကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။
ရဟတ်ယာဉ်မှူး နှစ်ဦးနဲ့ စက်ပြင်အရာရှိတို့က သေဆုံးခဲ့ပြီး လေထီးနဲ့ ခုန်ထွက်ခဲ့တယ်ဆိုတဲ့ နောက်ထပ် ၁ ယောက်ရဲ့ အခြေအနေကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ရဟတ်ယာဉ်ဟာ ကန်ချနာဘူရီ ရဲတပ်ဖွဲ့ရဲ့ လေကြောင်းချီ ယူနစ်က အသုံးပြုတဲ့ Bell 212 အမျိုးအစား ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ရဟတ်ယာဉ်ဟာ ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေး တစ်ခုအပြီး ဆူရတ်ဌာနီဆီ ဦးတည်ပျံသန်းချိန်မှာ ပြဿနာ ကြုံခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ အကြီးအကဲ ခစ်သာရတ် ပန်ပတ်ချ်က သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement
အခုနှစ်ထဲမှာတော့ ပရာချွပ် ခီရီခန် ပြည်နယ်ထဲမှာ လူအသေအပျောက် ဖြစ်ပွားတဲ့ လေကြောင်း မတော်တဆမှု ကြုံတာ ဒါဟာ ဒုတိယအကြိမ် ဖြစ်လာပါတယ်။
ဧပြီလ ၂၅ ရက်နေ့တုန်းကလည်း ဟွာဟင်လေဆိပ်နားက ပင်လယ်ထဲကို လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ရာက လိုက်ပါသွားသူ ၆ ဦးစလုံး သေဆုံးခဲ့ပါတယ်။
ကိုးကား: Bangkok Post
