close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လီဗာပူး ပရိသတ် လူအုပ်ထဲ ကားနဲ့ဝင်တိုက်တဲ့ ဖြစ်ရပ်ဟာ အကြမ်းဖက် ဝါဒနဲ့ ဆက်စပ်မှု မရှိကြောင်း ရဲတပ်ဖွဲ့ကြေညာ

လီဗာပူး ဘောလုံးအသင်းရဲ့ အောင်ပွဲခံ စီတန်းလှည့်လည်မှု အစီအစဉ်မှာ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်ဟာ အကြမ်းဖက် ဝါဒနဲ့ ဆက်စပ်မှု မရှိဘူးလို့ ရဲတွေက ပြောပါတယ်။

လီဗာပူး ဘောလုံးအသင်းရဲ့ အောင်ပွဲခံ စီတန်းလှည့်လည်မှု အစီအစဉ်မှာ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်ဟာ အကြမ်းဖက် ဝါဒနဲ့ ဆက်စပ်မှု မရှိဘူးလို့ ရဲတွေက ပြောပါတယ်။

အင်္ဂလန် ပရီးမီးယားလိဂ် အမှတ်ပေး ပြိုင်ပွဲမှာ ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့တဲ့ လီဗာပူး အသင်းဟာ မေလ ၂၆ ရက်နေ့တုန်းက မာဆေးဆိုက်ဒေသမှာရှိတဲ့ လီဗာပူးမြို့ထဲမှာ အမိုးဖွင့် ဘတ်စ်ကားနဲ့ အောင်ပွဲခံ လှည့်လည်ဖို့ စီစဉ်ထားခဲ့ပြီး စောင့်ဆိုင်းနေတဲ့ ပရိသတ် လူအုပ်ထဲ ကားတစ်စီးက အရှိန်နဲ့ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဖြစ်စဉ်မှာ ကလေး ၄ ယောက် အပါအဝင် လူ ၂၇ ဦး ဆေးရုံတက်ခဲ့ရပြီး ၂ ဦးရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ နောက်ထပ် လူ ၂၀ ကျော်ကိုလည်း နေရာမှာတင် ကုသပေးခဲ့ရပါတယ်။ မာဆေးဆိုက် ရဲတပ်ဖွဲ့က လီဗာပူးမြို့ခံ အသက် ၅၃ နှစ်အရွယ် လူဖြူ ဗြိတိန်နိုင်ငံသား တစ်ဦးကို ဖမ်းဆီးထားကြောင်း ပြောပေမယ့် အကြမ်းဖက် ဝါဒနဲ့ ဆက်စပ်တဲ့ အထောက်အထားတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။

အခုတိုက်ခိုက်မှုဟာ အစွန်းရောက် အစ္စလာမ်မစ် ဝါဒနဲ့ ဆက်စပ်နိုင်တယ်ဆိုတဲ့ ထင်ကြေးတွေ ပျံ့နှံ့လာတာကို ဖြေရှင်းဖို့အတွက် ရဲတပ်ဖွဲ့က အခုကြေညာချက်ကို လျင်လျင်မြန်မြန် ထုတ်ပြန်ခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

ကားနဲ့ ဝင်တိုက်တာ ခံရပြီးတဲ့နောက် ကားကိုယ်ထည်နဲ့ ချိတ်မိနေ၊ ညပ်နေတဲ့သူ ၄ ယောက်ကို မီးသတ်တပ်ဖွဲ့တွေက ကူညီ ဖယ်ထုတ်ပေးခဲ့ရပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေမှာတော့ ကားက အရှိန်နဲ့ ဝင်တိုက်လို့ လူတွေ လေထဲ လွင့်ထွက်သွားတာကို တွေ့ခဲ့ရပြီး ကားရပ်သွားတဲ့ အချိန်မှာ ဒေါသထွက်နေတဲ့ ဘောလုံး ပရိသတ်တွေက ကားမှန်တွေကို ချိုးဖျက်နေခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် ရဲတွေက ကြားဝင်ခဲ့ပြီး ယာဉ်မောင်းကို လူတွေက အန္တရာယ် မပေးနိုင်အောင် ဝင်ရောက် တားဆီးခဲ့ကြပါတယ်။

လူအုပ်ထဲ ကားနဲ့ ဝင်တိုက်ရတဲ့ အကြောင်းရင်းကို ရဲတွေက အတိအကျ မထုတ်ပြန်သေးပေမယ့် အကြမ်းဖက်မှုနဲ့ ဆက်စပ်ခြင်း မရှိတဲ့ သီးခြားကိစ္စလို့ ယူဆထားကြောင်း၊ တခြား ဆက်နွှယ် ပတ်သက်သူတွေရော ရှိသေးသလား ဆိုတာကို စုံစမ်းနေကြကြောင်း မာဆေးဆိုက် ရဲတပ်ဖွဲ့ရဲ့ ယာယီ ဒုတိယ အကြီးအကဲ ဂျင်နီဆင်မ်စ်က ပြောပါတယ်။

လီဗာပူး အသင်းသားတွေက ဆုဖလားကို လှည့်လည်ပြသမယ့် အစီအစဉ်ကို အသင်းပရိသတ် သိန်းဂဏန်းလောက်ထိ မြို့အနှံ့မှာ စောင့်ဆိုင်း ကြည့်ရှုနေခဲ့တာ ဖြစ်ပါတယ်။ လီဗာပူး အသင်းရဲ့ အမိုးဖွင့် ဘတ်စ်ကား ဖြတ်သန်းသွားခဲ့ပြီး မိနစ်ပိုင်း အကြာမှာ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်ကိစ္စ ပေါ်ပေါက်လာတာပါ။

ပျော်ရွှင်နေရမယ့် နေ့တစ်နေ့ကို အမှောင်မိုက်ဆုံး အရိပ်နဲ့ ဖုံးလွှမ်းသွားခဲ့တာ ဖြစ်တယ်လို့ လီဗာပူး မြို့တော်ကောင်စီ အကြီးအကဲ လီယမ် ရော်ဘင်ဆန်က လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။

လီဗာပူးဟာ အင်္ဂလန်ရဲ့ အောင်မြင်မှု အကြီးမားဆုံး ဘောလုံးအသင်း တစ်သင်းဖြစ်ပြီး တစ်ဖက်မှာလည်း ကြေကွဲစရာ သမိုင်းဖြစ်ရပ်တွေကို ဖြတ်သန်းခဲ့ရဖူးပါတယ်။ ၁၉၈၉ ခုနှစ်တုန်းက ရှက်ဖီးလ်မှာရှိတဲ့ ဟေးလ်ဘရော့ ဘောလုံးကွင်းမှာ လူအရမ်းထူပြီး တိုးဝှေ့ကြရာကနေ အချင်းချင်း နင်းမိကြ၊ ပိမိကြလို့ လီဗာပူး ပရိသတ် ၉၇ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်မှာ လူပေါင်း ၇၆၀ ကျော် ဒဏ်ရာရခဲ့ပြီး ဗြိတိန် အားကစား သမိုင်းရဲ့ သွေးထွက်သံယိုမှု အများဆုံး ဖြစ်ရပ်ဆိုး အနေနဲ့ မှတ်တမ်း ဝင်ခဲ့ပါတယ်။

၁၉၈၅ ခုနှစ်မှာလည်း ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့က ဟေဆယ်လ် အားကစားကွင်းကြီးမှာ လီဗာပူးနဲ့ အီတလီကလပ် ဂျူဗင်းတပ်စ်တို့ ယှဉ်ပြိုင်နေတုန်း အားကစားရုံ နံရံပြိုကျလို့ အီတလီ ပရိသတ် အများစု အပါအဝင် ၃၉ ဦး သေဆုံးခဲ့ဖူးပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

Facebook