close
Connect with us

Hi, what are you looking for?

သတင်း

ထီးထာတပ်စခန်းမသိမ်းနိုင်ပါက နယ်မြေပြန်အခြေချရန်ခက်ခဲပြီး ထိုင်းနိုင်ငံအပေါ် ပိုမှီခိုရနိုင်၍ ရအောင်တိုက်ရန် ဆုံးဖြတ်ခဲ့ဟု KNU တပ်မဟာ(၄) ပြော

ထိုင်း − မြန်မာနယ်စပ်နှင့် နီးစပ်ပြီး ဒေသတွင်းအရေးပါသည့် စစ်ကောင်စီ၏ ထီးထာဗျူဟာစခန်းကို မသိမ်းပိုက်နိုင်ပါက နယ်မြေအတွင်း ပြန်လည်အခြေချရန် ပိုခက်ခဲနိုင်သလို ထိုင်းနိုင်ငံအပေါ် ပိုမို မှီခိုရနိုင်၍ ရအောင်သိမ်းပိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ထီးထာဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ − KNU

မေ ၂၇၊၂၀၂၅။ထားမြတ်/People’s Spring

ထိုင်း − မြန်မာနယ်စပ်နှင့် နီးစပ်ပြီး ဒေသတွင်းအရေးပါသည့် စစ်ကောင်စီ၏ ထီးထာဗျူဟာစခန်းကို မသိမ်းပိုက်နိုင်ပါက နယ်မြေအတွင်း ပြန်လည်အခြေချရန် ပိုခက်ခဲနိုင်သလို ထိုင်းနိုင်ငံအပေါ် ပိုမို မှီခိုရနိုင်၍ ရအောင်သိမ်းပိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ထီးထာခေါ် မယ်သမီးထာတပ်စခန်းသိမ်းပိုက်ရရှိမှုအကြောင်းနှင့် တပ်မဟာ(၄)၏ စစ်ရေး အခြေအနေများအကြောင်းကို ပဒိုစောအယ်နားက ရှင်းလင်းပြောကြားရာ အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

မယ်သမီးထာ စခန်းကို ပြန်လည်တိုက်ခိုက်ရာတွင် တပ်မဟာ ၊ခရိုင်များ၏ ဌာနဆိုင်ရာတွေအားလုံးက စည်းစည်းလုံးလုံးနှင့် လုပ်ဆောင်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများ အပါအဝင် အခြားမဟာမိတ်တော်လှန်ရေး တပ်ဖွဲ့များ၊ ဒရုန်းအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

” ဒီစစ်ဆင်ရေးကို တပ်မဟာ(၄) ဗျူဟာမှူး ဗိုလ်မှူးကြီး စောလင်းသိန်းက ဦးဆောင်ပြီး သူ့ရဲ့ လက်အောက်မှာရှိတဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေများစွာနဲ့ ပူးပေါင်းလုပ်ဆောင်ကြတယ်။ ကျနော့်ရဲ့အတွေ့အကြုံအရ ဒီစစ်ဆင်ရေးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကျနော်တို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့အတူ ပြည်သူလူထုတွေ အမျိုးသမီးတွေများစွာ ပူးပေါင်းပါဝင်လာတာ တွေ့ရပါတယ်။ တိုက်ပွဲက တခြားတိုက်ပွဲလို မဟုတ်ဘူး။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တဖွဲ့တည်း တိုက်ရိုက် ဦးဆောင်တာမျိုးမဟုတ်ဘဲ အားလုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့ နားလည်မှုကနေတဆင့် တခုတည်းသော ခေါင်းဆောင်မှု အောက်ကနေ သွားတာဖြစ်တယ်”ဟု ပဒိုစောအယ်နားက ပြောသည်။

တပ်မဟာ(၄) ဗျူဟာမှူးက ၎င်း၏ ဦးဆောင်မှုအောက်ရှိ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များကို နေရာကဏ္ဍအလိုက် လုပ်ပိုင်ခွင့်ပေးထားသကဲ့သို့ တစ်ဦးချင်းဖြစ်စေ အမျိုးသမီးဖြစ်စေတက်နိုင်သည့် ဘက်က ဝိုင်းဝန်းပါဝင်လုပ်ဆောင်မှုကို အားပေးထောက်ခံခဲ့သည်ဟု ခရိုင်အတွင်းရေးမှူးက ရှင်းပြသည်။

” ထီးထာ စခန်းသိမ်းတိုက်ပွဲမှာ အများစုကတော့ ကျနော်တို့ တိုက်လို့ရမှာ မဟုတ်ဘူးလို့ မြင်ကြတယ်။ ဗျူဟာစခန်းဖြစ်တဲ့အတွက် ရန်သူ့ဘက်က စစ်ကူတွေအများကြီး သုံးတယ်။ ကျနော်တို့ဘက်က တိုက်လို့မရရင် ခေါင်းဆောင်မှုပိုင်းမှာ ထိခိုက်မှုများစွာ ရှိလာနိုင်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အောက်မှာ ရှိတဲ့ ရဲဘော်တွေက စိတ်အားထက်သန်ကြတယ်။ထီးထာစခန်းကို မသိမ်းပိုက်နိုင်ခဲ့ရင် ကျနော်တို့ရဲ့နယ်မြေကို ပြန်လည်အခြေချဖို့က ပိုခက်ခဲသွားမယ်။ ဒါ့အပြင် ထီးထာစခန်းက နယ်စပ်နဲ့နီးတဲ့အတွက် ထိုင်းနိုင်ငံကို မီခိုမှု ပိုများလာမယ်။ ဒါကြောင့် ကျနော်တို့ အားလုံး တိုင်ပင်ဆုံးဖြတ်ပြီး စခန်းသိမ်းဖို့ ရဲရဲဝံ့ဝံ့ စည်းစည်းလုံးလုံးနဲ့လုပ်ဆောင်သွားတာကို တွေ့ရမှာ ဖြစ်တယ်”ဟု ပဒိုစောအယ်နားက ပြောသည်။

ထီးထာစခန်းကို ဧပြီ ၁၂ရက်တွင် စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၈ရက်မြောက်နေ့ ဧပြီ ၁၉ရက် ညနေပိုင်းတွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ထီးထာစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူ ၁၈ကြိမ်ပြုလုပ်ခဲ့ပြီး လေကြောင်းမှ စစ်ကူအင်အားဖြည့်တင်းမှု လုပ်ဆောင်ခဲ့ဟု ဆိုသည်။

” ဒါပေမဲ့ ကျနော်တို့ ရဲဘော်တွေအပြင် တခြားပူးပေါင်း ပါဝင်သူအားလုံးကတော့ ဒါတွေကို သူတို့အတွက် အတားအဆီးတစ်ခုလို သဘောမထားဘူး။ သူတို့ လုပ်စရာရှိတာကိုပဲ လုပ်ဆောင်ကြတယ်။ ဒါကြောင့်အချိန်တိုအတွင်းမှာဘဲ ကျနော်တို့ အောင်မြင်မှုကို ရရှိခဲ့တယ်။နောက်ဆုံးအနေနဲ့ ကျနော် ပြောချင်တာကတော့ ကျနော်တို့ မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)ကို စစ်ဘက်ဆိုင်ရာမှာ အားနည်းတယ်လို့ မြင်ကြပေမဲ့လည်း ကျနော်ရဲ့အတွေ့အကြုံ ဖြတ်သန်းမှုအရ ကျနော်တို့ တပ်မဟာ(၄)ရဲ့ ခေါင်းဆောင်တွေနဲ့ စစ်သညတွေအားလုံးက အရည်အချင်း အပြည့်အ၀ ရှိကြတယ်”ဟု ပဒိုစောအယ်နားက ပြောသည်။

KNU တပ်မဟာ(၄) ပူးပေါင်းတပ်ဖွဲ့သည် ထီးထာစခန်းသိမ်းပိုက်ပြီးနောက် နယ်စပ်ကုန်သွယ်ရေး စခန်း ထီးခီးတပ်စခန်းကို မေလ ၉ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

” စစ်တပ်တစ်ခုနဲ့တစ်ခုက ဦးစီးဦးဆောင်မှုနဲ့ လုပ်ဆောင်မှု မတူညီကြဘူး။ ကျနော်တို့ အဓိက ထပ်မံ ဖြည့်စွက်လုပ်ဆောင်ရမှာက ခေါင်းဆောင်မှု အပိုင်းနဲ့ တပ်ပိုင်းဆိုင်ရာ စည်းလုံးညီညွတ်မှုပဲဖြစ်တယ်။ ကျနော်တို့ ရှေ့ဆက်သွားဖို့အတွက်လည်း စစ်ရေးနဲ့ နိုင်ငံရေးနှစ်ခုစလုံးမှာ အစီအစဉ် အတိအကျ ရှိတယ်။ ကျနော်တို့ ချမှတ်ထားတဲ့အစီအစဉ်အတိုင်းသွားမယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ချမှတ်ထာထးတဲ့ လုပ်ငန်းစဉ်တွေအားလုံးက အားလုံးရဲ့ပူးပေါင်းပါဝင်မှုနဲ့ ခေါင်းဆောင်တွေရဲ့ သဘောတူညီမှု ပါဝင်တဲ့အတွက် ကိုက်ညီမှုအရှိဆုံးဖြစ်တယ်”ဟု ပဒိုစောအယ်နားက ပြောသည်။

စစ်ရေးရည်မှန်းချက်များ အမြန်ဆုံးပြည့်၀နိုင်ရေးမှာ ငွေကြေးအပါအဝင် အခြားထောက်ပံမှုများ ဖြည့်စွက် ထောက်ပံ့ပေးရမည်ဖြစ်ပြီး အကြံပေးခြင်း၊ အင်အားဖြင့် ပူးပေါင်းပါဝင်ခြင်းများ အမှန်တကယ် လိုအပ်သည်ဟုလည်း ပဒိုစောအယ်နားက ပြောသည်။

“မြိတ်-ထားဝယ်ခရိုင်ဟာ ဆိုရင် ထိုင်းနယ်စပ်နဲ့ အများဆုံးအရှည်ဆုံးထိစပ်နေတဲ့နေရာဖြစ်ပြီး အရှေ့တောင် အာရှ အနောက်နိုင်ငံတွေအပြင် အရှေ့အလယ်ပိုင်းရဲ့ စီးပွားရေးလမ်းမပေါ်မှာ ရှိတာဖြစ်တယ်။ ဒါကြောင့် ကော်သူးလေ တည်ထောင်ရာမှာ ဒီနယ်မြေ ဟာ ကော်သူးလေအုပ်ချုပ်မှု နယ်မြေအတွင်းမှာ ရှိရင် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေနဲ့ ကျနော်တို့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ဆောင်ရာမှာ ကြီးမားတဲ့အားသာချက်ကြီးတခုဖြစ်လာမှာ ဖြစ်တယ်” ဟုလည်း ပဒိုစောအယ်နားက တပ်မဟာ(၄)နယ်မြေ၏ အရေးပါမှုကို ရှင်းပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၂ဦး ထိုင်းဘက်သို့ ထွက်ပြေးလာခဲ့တယ်လို့ Khaosod သတင်းဌာနက ဒီနေ့ ဖော်ပြပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ ရဲတပ်ဖွဲ့သုံး ရဟတ်ယာဉ်တစ်စီး ပျက်ကျပြီး မီးလောင်ခဲ့တာကြောင့် လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာဖက်က ရွှေတူးဖော်မှုတွေကြောင့် ထိုင်းနိုင်ငံဖက် စီးဝင်တဲ့ မြစ်တွေမှာ ရေထုညစ်ညမ်း အဆိပ်သင့်စေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ စီမံ ဆောင်ရွက်ပေးနိုင်မှု မရှိဘူးလို့ စစ်ကောင်စီက ပြောကြားခဲ့ကြောင်း ထိုင်းအစိုးရက ဆိုပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ ကြုံတွေ့နေတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေကို ကူညီ ဖြေရှင်းဖို့ နှစ်နိုင်ငံ နီးနီးကပ်ကပ် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း ထိုင်းနဲ့ အင်ဒိုနီးရှား ခေါင်းဆောင်တွေက ပြောပါတယ်။

Facebook