close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါကစ္စတန်နဲ့ စစ်ရေး ပဋိပက္ခမှာ အိန္ဒိယဖက်က အသာရခဲ့တယ်လို့ New York Times ဖော်ပြ

လေးရက်ကြာ စစ်ရေး ပဋိပက္ခ အတောအတွင်းမှာ အိန္ဒိယဟာ ပါကစ္စတန်ဖက်က စစ်ရေးပစ်မှတ်တွေကို ပိုပြီး ထိုးနှက် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ယုံကြည်ရကြောင်း ဂြိုဟ်တု ဓာတ်ပုံ မှတ်တမ်းတွေကို လေ့လာပြီး New York Times သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

လေးရက်ကြာ စစ်ရေး ပဋိပက္ခ အတောအတွင်းမှာ အိန္ဒိယဟာ ပါကစ္စတန်ဖက်က စစ်ရေးပစ်မှတ်တွေကို ပိုပြီး ထိုးနှက် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ယုံကြည်ရကြောင်း ဂြိုဟ်တု ဓာတ်ပုံ မှတ်တမ်းတွေကို လေ့လာပြီး New York Times သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အာရှတောင်ပိုင်းက နျူကလီးယား လက်နက်ပိုင် အိမ်နီးချင်း နှစ်နိုင်ငံကြားမှာ မေလ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ စစ်ရေး ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့တဲ့နောက် အမေရိကန်ရဲ့ ကြားဝင် ညှိနှိုင်းပေးမှုနဲ့အတူ အပစ်အခတ် ရပ်စဲသွားခဲ့ပါတယ်။

ကက်ရှ်မီးယား ဒေသထဲက အိန္ဒိယ ထိန်းချုပ်ထားရာ နယ်မြေတစ်ခုမှာ လူ ၂၆ ဦး သေဆုံးတဲ့ အကြမ်းဖက် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားပြီးတဲ့နောက် အိန္ဒိယက ဆင်ဒူးစစ်ဆင်ရေးကို ဆင်နွှဲပြီး ကက်ရှ်မီးယားရဲ့ ပါကစ္စတန် ထိန်းချုပ်တဲ့ အပိုင်းနဲ့ ပါကစ္စတန် ပိုင်နက်ထဲကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် နှစ်ဖက်ကြား လေကြောင်း တိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်း အသေအပျောက် ၁၀၀ ဝန်းကျင် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ စစ်ရေး ပဋိပက္ခအတွင်းမှာ နှစ်ဖက်စလုံးက အောင်ပွဲတွေ ရခဲ့ကြောင်း အပြိုင်အဆိုင် ကြေညာခဲ့ပေမယ့် လက်တွေ့ ထိခိုက်မှု အခြေအနေတွေကတော့ အဲဒီ စကားတွေနဲ့ ယှဉ်ရင် အကန့်အသတ်တွေ ရှိနေတယ်လို့ New York Timesက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရေး ပဋိပက္ခတွေ မဖြစ်ခင်နဲ့ ဖြစ်ပေါ်အပြီး အခြေအနေတွေကို နှိုင်းယှဉ်ကြည့်တဲ့ အခါမှာ ပါကစ္စတန်ဖက်က စစ်ရေး အဆောက်အအုံတွေ ပျက်စီးမှု သိသိသာသာ ပိုများတာနေတယ်လို့လည်း သိရပါတယ်။ ဒရုန်းတွေ၊ ဒုံးကျည်တွေ၊ ခေတ်မီ တိုက်လေယာဉ်တွေနဲ့ အပြိုင်အဆိုင် တိုက်ခိုက်ခဲ့ကြတာဟာ ရာစုနှစ် တစ်ဝက်လောက် ကာလအတွင်း နှစ်နိုင်ငံကြား စရိတ်စက အများဆုံး အကုန်အကျခံ စစ်ခင်းမှုလည်း ဖြစ်ခဲ့ကြောင်း New York Timesက မှတ်ချက်ပေးခဲ့ပါတယ်။

အိန္ဒိယရဲ့ တိုက်ခိုက်မှုတွေဟာ ကျယ်ပြန့်တဲ့ ဧရိယာတွေကို ဖြန့်ကျက် လွှမ်းခြုံထားပေမယ့် ဖျက်ဆီးအားကတော့ သတင်းတွေ ထုတ်ပြန်နေသလောက် ကြီးမားခဲ့တာ မဟုတ်ဘူးလို့ New York Timesက ဆိုပါတယ်။

နောက်ပြီး နှစ်ဖက်စလုံးက အသုံးပြုတဲ့ စစ်လက်နက်တွေဟာ ပစ်မှတ်ကို တိတိကျကျ ချေမှုန်းနိုင်တဲ့၊ တစ်နည်းအားဖြင့် ဘေးထွက် ထိခိုက်မှု နည်းပါးတဲ့ အမျိုးအစားတွေလို့ ယူဆရကြောင်းလည်း New York Timesက ကောက်ချချထားခဲ့ပါတယ်။

ခြုံပြီးကြည့်ရင်တော့ အိန္ဒိယဟာ ပါကစ္စတန်အပေါ် ရလဒ်ပိုင်းအရ အသာရခဲ့တယ်လို့ ဆိုနိုင်ပြီး စစ်စခန်းတွေ၊ လေယာဉ်ကွင်းတွေကို ပိုမို ပစ်မှတ်ထား တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ အထူးသဖြင့် နှစ်ဖက်ကြားက စစ်ရေး ပဋိပက္ခဟာ အကဲစမ်းကြရုံ အဆင့်ကနေ မြန်မြန်ဆန်ဆန် မြင့်တက်သွားခဲ့ပြီး နိုင်ငံအလိုက် ကာကွယ်ရေး စွမ်းရည် အရင်းအမြစ်တွေကို ပုံအော ထုတ်သုံးကြတဲ့အခါ အိန္ဒိယရဲ့ အားသာချက်က သိသာခဲ့ကြောင်း New York Timesက သုံးသပ်ထားခဲ့ပါတယ်။

တစ်ဖက်မှာတော့ ပါကစ္စတန်က အိန္ဒိယရဲ့ အူဒ်ဟမ်ပူရ လေတပ်စခန်းကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ပေမယ့် ဂြိုဟ်တု ဓာတ်ပုံတွေအရ သိသာထင်ရှားတဲ့ ဘာထိခိုက်မှုမှ ရှိမနေကြောင်းလည်း New York Timesက ဖော်ပြထားခဲ့ပါတယ်။

ကိုးကား: New York Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အနာဂတ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ထပ်ကြုံလာမယ် ဆိုရင်လည်း အိန္ဒိယဟာ သည်းသည်းမည်းမည်း လက်တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန်နဲ့ စစ်ရေး ပဋိပက္ခအတွင်းမှာ တိုက်လေယာဉ်တွေ ဆုံးရှုံးခဲ့ကြောင်း အိန္ဒိယ လေတပ်က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ခြွင်းချက်မရှိ၊ ချက်ချင်း အပစ်အခတ် ရပ်စဲကြဖို့ ပါကစ္စတန်နဲ့ အိန္ဒိယ နိုင်ငံတွေက သဘောတူခဲ့ကြပြီလို့ အမေရိကန် သမ္မတဒေါ်နယ်လ်ထရမ့်ကကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

လေတပ်စခန်းတွေကို အိန္ဒိယဖက်က တိုက်ခိုက်ခဲ့တဲ့နောက် စစ်ရေးအရ လက်တုံ့ပြန်ခဲ့ကြောင်း ပါကစ္စတန် စစ်တပ်က ကြေညာခဲ့ပါတယ်။

Facebook