ကဖေး/People’s Spring
တရုတ်အကူအညီဖြင့် MNDAA လက်ထဲမှလားရှိုးမြို့ကို ပြန်ရထားသည့်စစ်ကောင်စီသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို မည်သည့်နေရာတွင် အခြေချမည်ကို မဆုံးဖြတ်နိုင်သေးဘဲ ရမခတိုင်းမှူးကိုလည်း လအနည်းငယ်အတွင်း အသစ်တစ်ဦးထပ်မံခန့်အပ်လိုက်ပြန်သည်။
တပ်မတော်နည်းပညာတက္ကသိုလ်(DSTA)ကျောင်းအုပ် ဗိုလ်မှူးချုပ်အေးမင်းဦးကို ပြီးခဲ့ပြီး ဧပြီလတွင်ရမခတိုင်းမှူးအဖြစ် တာဝန်ပေးလိုက်ခြင်းဖြစ်သည်။
“ဗိုလ်မှူးချုပ်အေးမင်းဦးက ရမခတိုင်းမှူးအသစ်ဖြစ်လာတယ်။သူ့ကိုလောက်ကိုင်မှာ လက်နက်ချသွားတဲ့ မှူးချုပ်အေးမင်းဦးနဲ့ လူမှားနေကြတယ်။ လောက်ကိုင်ပြန် မှူးချူပ်က ထောင်ထဲမှာ” ဟု နေပြည်တော် သတင်းရင်းမြစ်တစ်ဦးကပြောသည်။

Public Service Announcement
ဗိုလ်မှူးချုပ်အေးမင်းဦးသည်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၉၄)သင်တန်းဆင်းဖြစ်ပြီး(DSTA)ကျောင်းအုပ်ရာထူးမှတဆင့် ရမခတိုင်းမှူးဖြစ်လာခြင်းဖြစ်သည်။ DSTA ကျောင်းအုပ်မတိုင်ခင် ရေးအခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၉) စကခမှူးတာဝန်ထမ်းဆောင်ခဲ့သည်။
လောက်ကိုင်လက်နက်ချ ဗိုလ်မှူးချုပ်အဖြစ် စစ်ကောင်စီအသိုင်းအဝိုင်းအတွင်း လူသိများသည့်ဗိုလ်မှူးချုပ်အေးမင်းဦးသည် အလုပ်သင်ဗိုလ်လောင်းအမှတ်စဉ်(၂၄)ဆင်းဖြစ်သည်။၎င်းသည်၂၀၂၄ ခုနှစ်ကတြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့အခြေစိုက်အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၄)စကခမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် MNDAA ၏ လာရှိုးမြို့သိမ်းတိုက်ပွဲ၌ လက်နက်ချအညံ့ခံခဲ့သူဖြစ်သည်။ ၎င်းနှင့်အတူဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)ဒကစမှူး ဗိုလ်မှူးချုပ် မိုး ကျော်သူ၊ ကိုးကန့်ဒေသ စစ်ကောင်စီအဖွဲ့၏ ဥက္ကဋ္ဌဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ တပ်မ(၅၅ )တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း၊ အမှတ်(၁၂ )စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊အမှတ်(၁၆) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သော်ဇင်ဦးတို့ အတူတူလက်နက်ချအညံ့ခံခဲ့ခြင်းဖြစ်သည်။
၂၀၂၄ဇန်နဝါရီလ၅ရက်နေ့ကတိုက်ပွဲတွင် ပြေးပေါက်ပိတ်နေစဉ် MNDAAနှင့် ညှိနှိုင်း၍ လက်နက်ချခဲ့ခြင်းဖြစ်ပြီ ၆ ဦးစလုံးကို စစ်ကောင်စီက လာရှိုး မြို့သို့ ရဟတ်ယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်လာကာ ပုန်ကန်မှု၊အမိန့်မနာခံမှုတို့ဖြင့် ဖမ်းဆီးပြီး စစ်တရားရုံးဖြင့် စစ်ဆေးခဲ့သည်။ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်အပါအဝင် သုံးဦးကို သေဒဏ်ချလိုက်ပြီး ကျန်သုံးဦးကိုမူ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချလိုက်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ စစ်ကောင်စီကတရားဝင်ထုတ်ပြန်ခဲ့ခြင်းမရှိခဲ့ပေ။
လက်ရှိ ရမခတိုင်းမှူးဗိုလ်မှူးချုပ်အေးမင်းဦးကိုမခန့်အပ်ခင်ကရမခတိုင်းမှူးမှာဗိုလ်ချုပ်မြင့်ကျော်ထွန်းဖြစ်သည်။လေ့ကျင့်ရေးအရာရှိချုပ်ရုံး၊ဒုတိယလေ့ကျင့်ရေးအရာရှိဗိုလ်ချုပ်မြင့်ကျော်ထွန်းကို စစ်ကောင်စီက၂၀၂၄ခုနှစ်ဆန်းပိုင်းတွင်ရမခတိုင်းမှူးအဖြစ် ခန့်အပ်ခဲ့သည်။ သို့သော် ၎င်းသည်ကျားဖြန့်ငွေလိမ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြောင်း တရုတ်အစိုးရ၏ သတင်းပေးမှုဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင်မှစစ်ကောင်စီက ဖမ်းဆီးလိုက်ရပြန်သည်။ဗိုလ်ချုပ်မြင့်ကျော်ထွန်းအပြင် မိုင်းရယ်ဗျူဟာမှူး၊ တန့်ယန်းဗျူဟာမှူးတို့လည်း ဖမ်းဆီးခံခဲ့ရသည်။
ပြီးခဲ့သည့် ၂၀၂၄ ဇူလိုင်လက လားရှိုးမြို့ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ကသိမ်းယူစဥ် ရမခတိုင်းမှူးဗိုလ်ချုပ်စိုးတင့်ကိုဖမ်းဆီးခဲ့သည်။ရမခတိုင်းမှူးအဖြစ် မူဆယ်အခြေစိုက်တပ်မ(၉၉)တပ်မမှူး ဗိုလ်ချုပ် စိုးလှိုင်ကို စစ်ကောင်စီက အစားထိုးခဲ့သည်။ ဗိုလ်ချုပ်စိုးလှိုင်သည် မူဆယ်၌ပင် ဆက်လက်ရှိနေစဉ်၎င်းအား ထပ်မံထုတ်ပယ်ကာ ရမခအား မိုင်းရယ်မြို့တွင် ယာယီပြန်ဖွဲ့စည်းပြီး ဗိုလ်ချုပ်မြင့်ကျော်ထွန်းအား တာဝန်ပေးခဲ့ခြင်းဖြစ်သည်။ယခုအခါ တရုတ်အကူအညီဖြင့်လားရှိုးမြို့ကိုစစ်ကောင်စီက ပြန်ဝင်လာပြီးနောက် ရမခတိုင်းမှူးသစ်အဖြစ် ဗိုလ်မှူးချုပ်အေးမင်းဦးက နေရာရလာခြင်းဖြစ်သည်။
” ၁ နှစ်အတွင်းမှာ တိုင်းမှူးလေးယောက်ပြောင်းတယ်ဗျာ။ ရမခတိုင်းမှူးရာထူးကခေတ်ပျက်တော့မှ ပုခုံးပေါ် ချီးထုတ်အတင်ခံရတာ။ ရမခကိုဘယ်နေရာမှာပြန်ထားမယ်ဆိုတာတောင်အဖြေမပေါ်သေးသလိုလုပ်ပိုင်ခွင့်လည်းရှိမနေသေးဘူး။လားရှိုးမြို့ပေါ်လေးကိုကွက်ပြီး အုပ်ချုပ်ရမယ့်အဖြစ်က သိက္ခာကျတယ်လေ” ဟု ရှမ်းမြောက်သတင်းရင်းမြစ်တဦးကပြောသည်။
ရမခအပါအဝင် လားရှိုးမြို့ကို MNDAA နှင့်ပူူပေါင်းတပ်များ က၂၀၂၄ ခုနှစ်၊ သြဂုတ်လဆန်းပိုင်းတွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး အထူးဒေသ(၁)အဖြစ် ထည့်သွင်းသတ်မှတ်ပြီး အုပ်ချုပ်ရေးယန္တရားအသက်သွင်းနေစဉ် တရုတ်၏ ဖိအားကြောင့် ပြီးခဲ့သည့်ဧပြီလတွင် စစ်ကောင်စီထံ ပြန်လွှဲပေးလိုက်သည်။ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းဦးဆောင်သည့် ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့၏ အကာအကွယ်ဖြင့် ဧပြီလ ၂၂ရက်က ပြန်ဝင်လာစဉ် စစ်ကောင်စီယာဉ်တန်းတွင် ရမခ၏ အမှတ်တံဆိပ် နေဝန်နီးအလံကို လွှင့်ထူဝင်လာခြင်းဖြစ်သည်။
ရမခသည် တိုက်ပွဲအတွင်း ညက်ညက်ကျေသွားပြီး အဆောက်အအုံများလည်း အကောင်အတိုင်းမရှိတော့ပေ။စစ်ကောင်စီသည် လားရှိုးမြို့ပေါ်ရပ်ကွက် ၁၂ခုကိုသာ ထိန်းချုပ်ခွင့်ရှိပြီး ယင်းနေရာကွက်ကွက်ကလေးကိုပင် အုပ်ချုပ်ရေးယန္တရားကို မကိုင်တွယ်နိုင်သေးပေ။ထို့ကြောင့်ရမခ သည်လည်း ဘုံပျောက်နေဆဲဖြစ်သည်။
စစ်ကောင်စီက မေလ ၄ ရက်နေ့တွင် လားရှိုး မန်ဆူရှမ်းကျောင်းဆရာတော် ဦးဆောင်ပြီး မြို့ပေါ်ရပ်ကွက်များတွင် အန္တရာယ်ကင်းပရိတ်ရွတ်ခဲ့သည်။
“သူတို့ (စစ်ကောင်စီ)ကကြောက်တတ်တော့ဘာသာရေးနဲ့ ပြန်ပြီး အားကိုးရှာတာ”ဟုလားရှိုးမြို့၌စစ် ကောင်စီကပရိတ်ရွတ်မည့်အစီအစဉ်နှင့် ပတ်သက်၍ မြို့ခံတစ်ဦးကပြောသည်။
အန္တရာယ်ကင်းပရိတ်ရွတ်မည့်အထဲ လားရှိုးမြို့သိမ်းတိုက်ပွဲတွင် စစ်သားအများအပြားသေခဲ့သော ရမခ ပါဝင်မည်ဆိုသည့်က သံသယရှိစရာမလိုပေ။
“လေဆိပ်မှာ တိုက်ပွဲဖြစ်တုန်းကလည်း စစ်တပ်ဖက်ကအများကြီးသေတာ။အလောင်းတွေကိုခွေးတွေက စားတာလေ။ ဘယ်သူကမှလည်း အမျှမပေးနိုင်ဘူးလေ။ မြို့ထဲက သူတို့ဝင်တပ်စွဲတဲ့အိမ်တွေထဲလည်း အရိုးစုတွေကျန်နေတာလေ။ အရမ်းကြောက်ဖို့ကောင်းတယ်”ဟု လားရှိုးမြို့ခံတစ်ဦးကပြောသည်။
လားရှိုးရမခတွင်တာဝန်ထမ်းဆောင်ရသောစစ်သားများမှာ ကြောက်စိတ်ဝင်နေသဖြင့် စစ်ခေါင်းဆောင်များကိုယ်တိုင်က မကြောက်ရန် ၊ ကိုးကန့်တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်မှာ ယခုအခါညီအကိုကဲ့သို့ဖြစ်နေပြီဖြစ်ကြောင်း ပြောဆိုစည်းရုံးနေရကြောင်း CDM စစ်သားဇင်ယော်က ပြောသည်။သို့သော်စစ်တပ်သည်ရှမ်းပြည်နယ်မြောက်ပိုင်းသို့ စစ်အင်အားဆက်တိုက်ဖြည့်တင်းနေပြီး လားရှိုးတွင်သာမက ရှမ်းမြောက်တွင်ပါဆုံးရှုံးထားသော တပ်ရင်း၊ဌာနချုပ်များကိုပါ ပြန်စုဖွဲ့နိုင်ရန် အရန်သင့် ပြင်ဆင်နေသည့်ပုံစံတွေ့ရသောကြောင့် သတိထားစောင့်ကြည့်ရန်လိုကြောင်း CDM စစ်သားဇင်ယော်ကပြောသည်။
ရှမ်းမြောက်စစ်ရေးသတင်းရင်းမြစ်တဦးကမူ”ရမခက ပထမဆုံးကျတဲ့ စစ်တိုင်း၊ ဒီနေရာက စစ်တပ်အတွက်ဖုန်းဆိုးမြေဖြစ်နေပါပြီ”ဟုသုံးသပ်လေသည်။
