မေ ၁၅၊၂၀၂၅။ကဖေး/People’s Spring
စစ်ကောင်စီတပ် ယမန်နေ့က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို ယနေ့ (မေလ ၁၅ရက်) နေ့လယ်ပိုင်တွင် ထပ်မံ၍ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ကျောက်တော်မြို့ ရွာမရပ်ကွက်ကို ထပ်မံ၍ ဗုံးကြဲခြင်းဟု ရခိုင်ဒေသခံသတင်းရင်းမြစ်က ပြောသည်။
” ပေါင် ၅၀၀ရော အတွဲလိုက်ဗုံးနဲ့ပါ ပစ်တာ။ ထိခိုက်မှုများနိုင်တယ်။ ကျနော်တို့တွေ မြေပြင်နဲ့ချိတ်ဆက်ပြီး စာရင်းကောက်ယူနေတယ်”ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
ယနေ့ ဗုံးကြဲသည့်ရပ်ကွက်ကို ယမန်နေ့ (မေလ ၁၄ရက်) ညနေ ၃နာရီ ၅၁ မိနစ်အချိန်ခန့်ကလည်း ဂျက်ဖိုက်တာဖြင့်ဗုံးကြဲခဲ့သောကြောင့် ဒေသခံ၂ ဦးသေဆုံးပြီး ဒဏ်ရာရသူအချို့ရှိခဲ့သည်။
မေလ ၁၃ရက်ကလည်း ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းအား စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား၁၂ဦးသေဆုံးပြီး ၂၃ဦးဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီသည် ရခိုင်ပြည်နယ်ကို သုံးရက်ဆက် ဗုံးကြဲခြင်းဖြစ်သည်။
ငလျင်ဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ထိရောက်စွာပေးနိုင်ရန်အတွက်အပစ်ရပ်ထားသည်ကို စစ်ကောင်စီက အခွင့်ကောင်းယူပြီး အပြစ်မဲ့ပြည်သူများအား လေကြောင်းမှတိုက်ခိုက်နေသည်ဟုအာရက္ခတပ်တော်(AA)က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
” စစ်ကောင်စီက မြန်မာနိုင်ငံတဝှမ်းမှာ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတယ်။ အပြစ်မဲ့ပြည်သူတွေကို အကြောက်တရားတွေ ပိုပြီးတော့ ဖြစ်လာအောင် အဲဒီလိုမျိုး ပစ်မှတ်ထားပြီး သတ်ဖြတ်နေတာတွေတွေ့ရတယ်။ ဒါကြောင့်မိုလို့ စစ်ကောင်စီက သူ့ရဲ့လုပ်ရပ်အတွက် ပြောရမယ်ဆိုရင် ဒီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေအတွက် ဒီရာဇဝတ်မှုကို သူတို့သည် တာဝန်ယူမှု တာဝန်ခံမှု ရှိရမှာဖြစ်တယ်ဗျ”ဟု AAပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
