Scorpio/People’s Spring
မန္တလေးမှာ ရာသီဥတုပူပြင်းလွန်းတာကြောင့် ကြောက်ကြောက်နဲ့ မျှော်ခဲ့ရတဲ့မိုးဟာ မေလ ၁ဝ ရက် ညနေပိုင်းမှာ တအုန်းအုန်းနဲ့ ချလာခဲ့ပါတယ်။ ကြောက်ကြောက်နဲ့ ဆိုတာက ငလျင်ကြီးကြောင့် ယိုင်နဲ့နေတဲ့အဆောက်အအုံတွေ မိုးရွာလို့ ပြိုကျမှာကို ကြောက်ကြတာပါ။ ထင်တဲ့အတိုင်းပါပဲ။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၄လမ်း၊ ၃၇ လမ်းနဲ့ ၃၈ လမ်းကြားမှာ အမိုးကိုင်းတခုလွင့်စင်ကျလာပြီး ၃ ဦးထက်မနည်း ထိခိုက်ခဲ့ပါတယ်။
“သံဖရိန်နဲ့ လုပ်ထားတဲ့ ထပ်ခိုးနဲ့ သွပ်မိုး အပါ လမ်းပေါ်ပြုတ်ကျတာ။ မိုးကော လေပါ ပါလာပြီး လွင့်ကျလာတာ။ မိုးခိုနေတဲ့လမ်းသွားလမ်းလာတွေလည်း ထိခိုက်တယ်။”လို့ မြို့ခံတဦးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် ချမ်းမြသာစည်မြို့နယ်၊ ကံရွာ ရပ်ကွက် ဗလီမှာလည်း ဝတ်ပြုဖို့ ယာယီ ဆောက်လုပ်ထားတဲ့ အဆောက်အဦး ပြိုကျတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ရပ်ကွက်နေပြည်သူတွေနဲ့ အနီးနားက ပရဟိအသင်းတွေကနေ ပိတ်မိသူတွေကို ကယ်ထုတ်ပေးခဲ့လို့ စိုးရိမ်ရလူနာမရှိဘူးလို့ သိရတယ်။
ဒါ့အပြင် လမ်း ၈၀ ပေါ်ကတိုက်တစ်တိုက်ရဲ့ ခေါင်မိုး လမ်းပေါ်လွင့်ကျသွားခဲ့သေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။ လူအထိအခိုက်မရှိဘူးလို့ သိရတယ်။
မန္တလေးမိုးဟာ သည်းရုံတင်မကဘဲ မိုးသီးတွေပါ ပါခဲ့တယ်လို့ စိန်ပန်းနဲ့ မြောက်ပြင်ဘက်က ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် မိုးခြိမ်းပြီး မိုးကြိုးပစ်သံတွေပါ ကြားလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးရဲ့လေမိုးကြောင့် ဆိုလာချပ်တွေ လွင့်ပါပျက်စီးတာတွေလည်း ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးမှာ ငလျင်ကြောင့် အဆောက်အဦး လေးထောင်ဝန်းကျင် ပြိုကျပျက်စီးခဲ့ပြီး အများစုက ရှင်းလင်းနိုင်ခြင်း မရှိသေးပါဘူး။ ဒါ့အပြင် အက်ကွဲယိုင်နဲ့နေတဲ့တိုက်တွေလည်း အများအပြား ရှိနေတဲ့အတွက် မိုးရွာတော့ ပြိုကျမှာ စိုးရိမ်နေကြတယ်လို့ မြို့ခံတွေက ပြောပြပါတယ်။
“ဘေးအိမ်ကတိုက် ဖြိုလည်းမဖြိုသေးဘူး။ သူ့ဆိုလာချပ်ကြီးတွေက လေတိုက်တိုင်း စောင်းနေပြီ။ ဘေးကနေရတဲ့ကျမတို့အိမ်တွေ အန္တရာယ်တအားများတယ်။
လေပြင်းတိုက်ခိုက်မှုနဲ့ မိုးကြီးမယ့်အန္တရာယ်သတိပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က မေလပထမပတ်အတွင်းက ထုတ်ပြန်ထားပါတယ်။
ဒေသအများအပြားမှာမိုးရွာသွန်းနိုင်ပြီး မွန်းလွဲနဲ့ ညနေပိုင်းအချိန်များမှာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်ကြီးများဖြစ်ပေါ်တတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသီးများကြွေကျခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးကြိုးပစ်ခြင်း စတဲ့ ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်တယ်လို့ MOHADMက သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီအတွင်းကပဲ မန္တလေးမြို့အပါအဝင် ငလျင်ဘေးဒဏ်သင့်ဒေသများမှာ နေရာကွက်မိုးကြီးခဲ့ပြီး လေပြင်းတိုက်ခတ်ခဲ့ပါတယ်။ မိုးကြီးကာ လေပြင်းခဲ့တာကြောင့် ငလျင်ဘေးသင့် အဆောက်အအုံတွေပြိုကျတာ၊ ယာယီတဲတွေထဲ နေထိုင်လို့မရတာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ညနေ ၆ နာရီ ၇ မိနစ်မှာလည်း အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု မန္တလေးတဝိုက် ထပ်လှုပ်သွားခဲ့ပြန်ပါတယ်။ မိုးရွာလေပြင်းတိုက်နေချိန် ငလျင်ပါထပ်လှုပ်တော့ စိုးရိမ်ခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မပြီးသေးပါဘူး။ ညပိုင်းမှာလည်း မန္တလေးမြို့အနောက်ခြမ်းမှာ တအုန်းအုန်းအသံတွေကြားလိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“တအုန်းအုန်းနဲ့ တုန်ခါနေလို့ ငလျင်မှတ်နေတာ။ လက်နက်ကြီးသံတွေဖြစ်နေတယ်။ မိုးခြိမ်းတာလိုလိုနဲ့။”လို့် မန္တလေးမြို့ပေါ်နေထိုင်သူ အမျိုးသားတဦးက ပြောပါတယ်။ လက်နက်ကြီးနဲ့ပစ်ခတ်သံတွေဖြစ်ပြီး လေးချက်ထက်မနည်း ကြားလိုက်ရတယ်လို့ မန္တလေးမြို့ ၈၄ လမ်းအနောက်ခြမ်း နေထိုင်သူတွေက ပြောပါတယ်။ လက်နက်ကြီးပစ်ခတ်မှုနဲ့ပတ်သက်လို့ ဖြစ်စဥ်အတိအကျ မသိရသေးပါဘူး။
မနေ့ကပဲ စစ်ကောင်စီဟာ မန္တလေးရဲ့မြောက်ဘက် မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်း နယ်တွေ၊ မန္တလေးအနောက်ဘက် ဝက်လက်နယ်တွေဘက် လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
ဒီကနေ့ ကဆုန်လပြည့်နေ့မှာတော့ မန္တလေးရဲ့အပြိုအပျက်တွေကြားမှာ ပြန်ဖွင့်ပေးတဲ့ဘုရားတွေဆီပြည်သူတွေ သွားရောက်ဖူးမျှော်နေကြပါတယ်။
အပြိုအပျက်အုတ်ပုံတွေကြားကနေ လက်အုပ်ချီမိုးပြီး ဆုတွေတောင်းနေကြပါတယ်။ ။
