မေ-၁၅၊၂၀၂၅။သတိုး/People’s Spring
ကျောင်းသားကလေးငယ် ၂၀ကျော်သေဆုံးခဲ့ရသည့် စစ်ကောင်စီ၏ အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ကမ္ဘာနှင့်တဝန်းသိစေရန်ဆိုကာ သရုပ်ဖော်သည့်အနေဖြင့် ယနေ့ (မေလ၁၅ရက်) ရန်ကုန်မြို့လယ်၌ သွေးစွန်းကျောင်းလွယ်အိတ်နှင့် ဖတ်စာအုပ်များ လမ်းပေါ် ပုံထားသည့် လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း Yangon Revolution Force-YRFက ထုတ်ပြန်သည်။
“စစ်ကောင်စီ၏ လူမဆန်သော လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုအဖြစ် မှတ်တမ်းတင်နိုင်ရန်နှင့် ကလေးသူငယ်များ၏ စာသင်ကျောင်းအား လေကြောင်းပစ်မှတ်ထားကာ အကြိမ်ကြိမ် တိုက်ခိုက်မှု ပြုလုပ်လျက်ရှိနေခြင်းကို ကမ္ဘာနှင့်အဝန်းသိရှိနိုးကြားစေရန် ရည်ရွယ်ချက်ဖြင့် YRFမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။”ဟု ဆိုသည်။
စစ်ကောင်စီသည် မေလ ၁၂ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာရှိစာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသားကလေးငယ် ၂၂ဦးနှင့် ဆရာမနှစ်ဦးသေဆုံးခဲ့သည်။ ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူ ကလေးငယ် ၁၀၀ ရှိခဲ့သည်။

Public Service Announcement
“ယခုဓာတ်ပုံများသည် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော ကလေးသူငယ်များအားလုံး ၊ အနာဂတ်ခရီးကို ဆုံးအောင်မလျှောက်နိုင်ခဲ့သော ကလေးသူငယ်များ အားလုံးကို ရည်ရွယ်ခြင်းဖြစ်သည်”ဟု YRFက အသိပေးထားသည်။
