Scorpio/People’s Spring
နေသိပ်မပွင့်တဲ့မေလဆန်းရဲ့နေ့လယ်ခင်းတခုမှာ ကောင်းကင်ပြာပြာအောက်က ကျောင်းဆောင်လေးတခုနား လေပြည်ဟာ ခပ်ဖြေးဖြေးလေး တိုက်ခတ်နေတယ်။ ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်နေလို့ တကျီကျီအော်မြည်သံနေတဲ့ ငှက်က
လေးတွေရဲ့အသံတွေ ထွက်ပေါ်နေတယ်။ သာမန်အချိန်ဆိုရင်တော့ ကြည်နူးစရာကောင်းနိုင်ပေမဲ့ ဖွာလန်ကြဲနေတဲ့ ကျောင်းဆောင်လေးနဲ့ ကျောင်းရှေ့အလံတိုင်နား စုပုံထားတဲ့ ပိုင်ရှင်မဲ့လွယ်အိတ်လေးတွေကတော့မြင်သူတိုင်း ရင်နင့်သွားစေခဲ့တယ်။
အဲဒီမြင်ကွင်းကတော့ မနေ့က မေ(၁၂)ရက်နေ့မနက်(၁၀)နာရီလောက်မှာ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာက စာသင်ကျောင်းလေးကို ကလေးတွေစာသင်နေတဲ့အချိန် ကျောင်းပေါ်တည့်တည့် လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် တွေ့မြင်ရတဲ့မြင်ကွင်းပဲ ဖြစ်ပါတယ်။ ပိုင်ရှင်မဲ့လွယ်အိတ်လေးတွေဟာ အလုံးနှစ်ဆယ်ကျော်ပါတယ်။ လွယ်အိတ်လေးတွေအပြင် သွေးစွန်းနေတဲ့ ကလေးအင်္ကျီလေးတွေလည်း တွေ့ရတယ်။
စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂၀ နဲ့ ဆရာမနှစ်ဦး ကျောင်းခန်းထဲမှာပဲ သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင်ကလေးတွေအပါအဝင် ၄၀ ခန့် အရေးပေါ်ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသတွင်းစစ်ရှောင်ကူညီနေသူများက ပြောပါတယ်။

Public Service Announcement
“စာသင်ကျောင်းတည့်တည့်ပေါ်ကျတာ။ တအိမ်ထဲက ကလေးနှစ်ယောက်ဆုံးရှုံးသွားသူတွေရှိတယ်။”ဟု ဒေသခံတဦးက ပြောပါတယ်။
ကျောင်းရှေ့ကအလံတိုင်မှာအလံကိုတိုင်တဝက်လွှင့်ထူဖို့ပြင်နေတယ်။”ကွယ်လွန်သွားခဲ့တဲ့ကျောင်းသားကျောင်းသူတွေနဲ့ ဆရာမတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံတော်ကို တိုင်တဝက်လွှင့်ထူတာပါ”လို့ အဆိုပါကျောင်းကို လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ရောက်ရှိနေတဲ့ ကလေးမြို့၊ အထက်တန်းကျောင်းအစိုးရနည်းပညာမှ CDM ဆရာမ ဒေါ်ရတီအုန်းက ဆို့နင့်စွာ ပြောပါတယ်။
ဒေါ်ရတီအုန်းဟာ ကျောင်းထဲက အခြေအနေတွေကိုလည်း ရုပ်သံရိုက်ပြီး မှတ်တမ်းတင်ပါတယ်။ ကျောက်သင်ပုန်းပေါ်က သင်လက်စ စာကြောင်းတကြောင်းကို ကိုယ်စားသရုပ်ပြ ဖတ်ပြရင်း “အဲလိုသင်နေတုန်းမှာပဲ အပေါ်ကနေ ဗုံးကျလာတယ်။ စာသင်တဲ့ ကျမတို့မှာ ဘာအပြစ်ရှိလဲ”လို့ ဆရာမက မေးခွန်းထုတ်တယ်။
ကျလာတဲ့ဗုံးဆံတဆံဟာစာသင်ခန်းကျောင်းကြမ်းပြင် အင်္ဂတေကိုပါ ပေါက်ထွက်သွားခဲ့တာကို ဆရာမက လက်ညှိုးထိုးပြတယ်။ “ဟိုဘက်မှာ သွေးကွက်။ အပေါ်ကိုလည်း ကြည့်လိုက်ဦး။”လို့ ဆရာမက ပြောတယ်။ ကင်မရာအပေါ်ထောင်လိုက်တော့ ကျောင်းအမိုးကိုမတွေ့ရတော့ဘဲ ကောင်းကင်ကြီးကိုသာ မြင်လိုက်ရတယ်။ “အကုန်လုံး စုတ်ပျက်သက်သွားတယ်”လို့ ဆရာမက ပြောတယ်။
သွေးစွန်းနေတဲ့ ကွန်ပါဘူးလေးတဘူးနဲ့ သွေးကွက်တွေကိုလည်း တွေ့ရတယ်။ နံရံပေါ်မှာ သွေးစီးကြောင်းတကြောင်းကိုလည်း မြင်ရတယ်။
“ဒီနားမှာ ကလေးလေးတယောက်က ဒယီးဒယိုင်နဲ့သွားခဲ့တယ်”လို့ နံရံပေါ်က သွေးစီးကြောင်းကိုပြရင်း ဆရာမက ပြောပြတယ်။ သွေးစီးကြောင်းရဲ့တဖက်မှာတော့ နံရံကြီးဟာ အပေါက်ကြီးတခု ဖြစ်သွားတာတွေ့ရတယ်။
ဘေးအခန်းက စာသင်ခန်းကလည်း ပိုဆိုးပါတယ်။ အမိုးတွေအကုန်ပွင့်ထွက်ပြီး သွပ်မိုးတွေဟာ ဖွာလန်ကြဲကာ မြေပြင်ကို ထိုးဆင်းမယ့်သယောင်ပြနေတယ်။ ထန်းလက်မိုး၊ထရံကာတခြားအဆောင်မှာလည်း ထန်းလက်တွေထရံတွေ ပွင့်ထွက်သွားခဲ့တယ်။ စာသင်ခုံအောက်မှာ သွေးကွက်တွေက မည်းခဲနေတယ်။ “ဒီနေရာမှာ မြတ်နိုးမောင်ဆိုတဲ့ကလေး ထိုင်ခဲ့တာ”လို့ ဆရာမက ပြောပြတယ်။ အဲဒီကလေးဟာ Grade 9 ကျောင်းသားဖြစ်ပြီး ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် ကွယ်လွန်သွားခဲ့ရပါတယ်။
တခြားကျောင်းဆောင်နေရာတွေမှာလည်းကလေးငယ်လေးတွေရဲ့ လက်သန်းလေးတွေ၊ ဆံပင်ချည်တွေ တွေ့ရပါတယ်။
ကွယ်လွန်သူတွေများတာကြောင့် တဦးချင်းမမြှုပ်နှံနိုင်တော့ဘဲ ငါးဦး၊ သုံးဦး၊ နှစ်ဦး စုပြီးမြှုပ်နှံထားတာကို တွေ့ရပါတယ်။
ဆရာမဒေါ်ရတီအုန်းဟာ မြေငလျင်ကြောင့် ထိခိုက်သူတွေကို ကူညီအားပေးဖို့ မုံရွာမြို့ကို ရောက်ရှိနေတဲ့အချိန် စာသင်ကြောင်းလေကြောင်းတိုက်ခိုက်တဲ့သတင်းကြောင့် အဲဒီနေရာကို ရောက်ရှိလာခဲ့တာပါ။ “လူမဆန်တဲ့မြင်ကွင်း၊ စိတ်ထိခိုက်စရာမြင်ကွင်း၊ ရက်စက်ကြမ်းကြုတ်မှု၊ စစ်ကောင်စီရဲ့ ရာဇဝတ်မှု ကျူးလွန်မှုကို လူမျိုးတုန်းသတ်ဖြတ်မှု သက်သေခံမှတ်တမ်းအနေနဲ့သာ အဲဒီမှတ်တမ်းတွေကို ရယူခဲ့တာပါ။ စိတ်ထဲမှာတော့ အင်မတန်ဝမ်းနည်းကြေကွဲရပါတယ်။”လို့ ဆရာမက ကြေကွဲစွာ ဆိုပါတယ်။
စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်ခံရပြီးနောက်တရွာလုံးထွက်ပြေးတိမ်းရှောင်နေရပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းဟာအမျိုးသားညီညွတ်ရေးအစိုးရ (NUG ) ၊ပညာရေးဝန်ကြီးဌာနရဲ့ ကြားကာလပညာရေးစနစ်နဲ့ ဒေသခံကျောင်းသား၊ကျောင်းသူတွေကို ပညာသင်ကြားပေးနေတဲ့ ကျောင်းဖြစ်တယ်လို့ သိရပါတယ်။
ဒီပဲယင်းမြို့နယ်မှာ ပြီးခဲ့တဲ့၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်ကလည်း လက်ယက်ကုန်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ကျောင်းသားကျောင်းသူ ၆ ဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့ကာ ၂၇ ဦး ဒဏ်ရာရရှိခဲ့သေးတယ်။
“နိုင်ငံတကာက ကူညီနိုင်တဲ့သူတွေရောကျမတို့ကလေးတွေဘယ်လောက်အထိသေမှ၊ဘယ်လောက်အထိ ဆုံးရှုံးမှ အသံထွက်ပြီးပြောပေးကြမှာလဲ။”လို့ဆရာမကမခံမရပ်နိုင်စွာပြောလိုက်ပါတယ်။
