အနာဂတ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ထပ်ကြုံလာမယ် ဆိုရင်လည်း အိန္ဒိယဟာ သည်းသည်းမည်းမည်း လက်တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက ပြောကြားခဲ့ပါတယ်။
အိမ်နီးချင်း ပါကစ္စတန် နိုင်ငံနဲ့ စစ်ရေး ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့နောက်ပိုင်း ပထမဆုံးအကြိမ် တစ်နိုင်ငံလုံးကို လိပ်မူပြီး ပြောကြားတဲ့ မိန့်ခွန်းမှာ မိုဒီက အခုလို ပြောဆိုသွားတာပါ။ မေလ ၇ ရက်နေ့က အိန္ဒိယဟာ ပါကစ္စတန်နဲ့ နယ်စပ်မှာ အကြမ်းဖက် ပစ်မှတ်တွေလို့ စွပ်စွဲထားတဲ့ နေရာ ၉ ခုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ပါကစ္စတန်ကလည်း လက်တုံ့ပြန်ခဲ့ရာက နှစ်ဖက် စစ်ရေးပဋိပက္ခတွေ စတင်ခဲ့ပါတယ်။
ဒါပေမဲ့ ၄ ရက်အကြာမှာ အမေရိကန်ရဲ့ ကြားဝင် စေ့စပ်ပေးမှုနဲ့အတူ နှစ်ဖက်ကြား အပစ်အခတ် ရပ်စဲနိုင်ခဲ့ပါတယ်။ အဲဒီ သဘောတူညီမှုဟာ လက်ရှိ အချိန်ထိ တည်မြဲနေပေမယ့် အိန္ဒိယရော၊ ပါကစ္စတန်ကပါ နိုးနိုးကြားကြား စောင့်ကြည့်နေဆဲလို့ ပြောပါတယ်။
ဧပြီ ၂၂ ရက်နေ့တုန်းက ကက်ရှီးယား ဒေသရဲ့ အိန္ဒိယ ထိန်းချုပ်ထားရာ အပိုင်းမှာ လူ ၂၆ ဦး သေဆုံးခဲ့တဲ့ အကြမ်းဖက် ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် ခါးသီးရန်ဘက် နှစ်နိုင်ငံကြားမှာ နောက်တစ်ကြိမ် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ခဲ့တာပါ။ အဲဒီ တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ပါကစ္စတန် ပတ်သက်နေတယ်လို့ အိန္ဒိယက စွပ်စွဲပြီး ပါကစ္စတန်ဖက်ကတော့ တူးတူးခါးခါး ငြင်းဆိုထားပါတယ်။

Public Service Announcement
အာရှတောင်ပိုင်းက နျူကလီးယား လက်နက်ပိုင် နှစ်နိုင်ငံဟာ သမိုင်းတလျှောက် စစ်ပွဲကြီး ၄ ကြိမ်နဲ့ စစ်ရေးပဋိပက္ခတွေ တော်တော်များများ ဖြစ်ခဲ့ကြဖူးပါတယ်။ နောက်ဆုံးကြုံတွေ့ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခမှာတော့ ပါကစ္စတန်ဖက်က လူ ၆၀ ကျော်နဲ့ အိန္ဒိယဖက်မှာ ၃၀ ဝန်းကျင် အသေအပျောက် ရှိခဲ့ကြောင်း သိရပါတယ်။
မေလ ၁၂ ရက်နေ့က အိန္ဒိယ ပြည်သူတွေဆီ ပြောကြားတဲ့ မိန့်ခွန်းမှာတော့ မျက်မှောက် ကာလဟာ စစ်ပွဲတွေ ကြီးစိုးနေတဲ့ ခေတ်မျိုး မဟုတ်သင့်တော့ကြောင်း၊ တစ်ဖက်မှာလည်း အကြမ်းဖက်မှုတွေရဲ့ ခေတ်ကာလ တစ်ခုမဟုတ်ကြောင်း မိုဒီက ဆိုပါတယ်။
အိန္ဒိယကို ဦးတည်တဲ့ နောက်ထပ် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုခု ဖြစ်လာပြီ ဆိုတာနဲ့ အိန္ဒိယဟာ ထိရောက် အားကောင်းတဲ့ အစီအမံမျိုးနဲ့ တုံ့ပြန်ပြမှာဖြစ်ကြောင်း မိုဒီက သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောခဲ့ပါတယ်။ နှစ်ဖက်ကြား စားပွဲဝိုင်းထိုင် ဆွေးနွေးမှုတွေနဲ့ အကြမ်းဖက်မှုတွေဟာ အတူတကွ တစ်သားတည်း ဖြစ်ပျက်နေလို့ မရကြောင်းလည်း သူက ဆိုပါတယ်။
ကက်ရှ်မီးယားမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအပြီး အိန္ဒိယဟာ ပါကစ္စတန်နဲ့ ရေအရင်းအမြစ် ခွဲဝေရေး စာချုပ်ကို ဆိုင်းငံ့ထားခဲ့တာနဲ့ ပတ်သက်ပြီးလည်း မိုဒီက သွေးနဲ့ရေဟာ အတူရောပြီး စီးဆင်းနေလို့ မရဘူးလို့ ပြောကြားသွားပါတယ်။
အစောပိုင်းမှာတော့ ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ်က ရေအရင်းအမြစ်ကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ညှိနှိုင်း အဖြေရှာနိုင်ဖို့ မျှော်လင့်ထားကြောင်း မှတ်ချက်ပြုထားပါတယ်။
မေလ ၁၂ ရက်နေ့ မနက်ပိုင်းတုန်းက အိန္ဒိယနဲ့ ပါကစ္စတန်စစ်တပ် အရာရှိတွေဟာ လက်ရှိ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအပြီး ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေဆီ ဦးတည်နိုင်ဖို့ ကနဦးအဆင့် ဆွေးနွေးမှုတွေကို စတင်ခဲ့တယ်လို့လည်း သိရပါတယ်။
ကိုးကား: BBC
