မသီတာ-စမ်းချောင်းရေးသားသည်
လူတစ်ယောက်မှာ အသက်ရှင်သန်နေရတယ်၊ မသေသေးဘူးဆိုတဲ့တိုင်အောင်လူသားတစ်ယောက်ရဲ့ အခြေခံစာရိတ္တလောက်ကိုမှ မစွမ်းနိုင်တော့ဘူးဆိုရင် အဲဒီလူရဲ့ ရှင်သန်နေရခြင်းဟာ အနှစ်သာရမဲ့ပြီး လူ့အရာကျသွားပြီလို့ ဆိုရမှာပေါ့။
ကိုယ့်ရှင်သန်မှုက လွဲပြီး ဘယ်သူ့အပေါ်မှာမှ မစာနာသလို ကိုယ်နဲ့ကိုယ့်ဘက်သားတွေ ဘယ်လိုမတရားလုပ်လုပ် မျက်ကွယ်ပြု/လိမ်ညာဖုံးဖိ/တိုက်တွန်းအားပေးဆိုတာမျိုးတွေ လုပ်လာပြီဆိုရင်တော့ ကမ္ဘာဦးလူသားတွေလို အရိုင်းအစိုင်းသက်သက်ပဲ ဖြစ်သွားပြီပေါ့။
ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို ဗုံးကြဲမှုဖြစ်စဉ်မှာအသက်၈နှစ်အရွယ် ကျောင်းသူကျောင်းသားကလေးများကနေ အသက် ၃၀ နှစ်ဝန်းကျင်ဆရာမလေးတွေသေဆုံးခဲ့ရပါတယ်။

Public Service Announcement
စုစုပေါင်း ၂၂ ဦး သေဆုံးခဲ့ရပြီး ၅၀ ဦးကျော် ပြင်းထန်ဒဏ်ရာ ရခဲ့တာပါ။ ဒီစာသင်ကျောင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့စာသင်ကျောင်း ဖြစ်ပြီး ဗုံးကြဲဒဏ်တွေကို စိုးရိမ်လို့ နွေရာသီကာလမှာ ဖွင့်လှစ်သင်ကြားနေခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ကြဲချတဲ့ဗုံးဟာ အဆင့်ဆင့် ပေါက်ကွဲတတ်တဲ့ ကလပ်စတာဗုံးအမျိုးအစား ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီဖြစ်ရပ်အပြီး ပေါ်ထွက်လာတဲ့ ဓာတ်ပုံသတင်းတွေကို ကြည့်ရင် အရင့်အရင်က ဗုံးကြဲဖြစ်စဉ်တွေလိုပဲ အများစု သေဆုံးကြသူတွေဟာ သာမန်အရပ်သား ကလေးသူငယ်များ ဖြစ်နေပါတယ်။ ဒါကြောင့် လူအများစုက စိတ်ထိခိုက်ကြေကွဲရသလို ဆင်ခြင်တုံတရားမဲ့စွာ ရက်စက်နိုင်ကြတဲ့ စကစလေတပ်ကို ဒေါသဖြစ်ကြရပါတယ်။ ဒါပေမဲ့ ဒီရက်စက်မှုဟာ အဲဒီနေရာမှာ မရပ်နေပါဘူး။ ဒီသတင်းနဲ့ ပတ်သက်ပြီး စကစကိုယ်တိုင်နဲ့ စကစကို ထောက်ခံဝန်းရံသူတွေရဲ့ တုံ့ပြန်မှုတွေက ပိုပြီး ပက်စက်နေတာကို တွေ့ကြရပါတယ်။ တုံ့ပြန်ပုံက အနည်းဆုံး နှစ်မျိုး ဖြစ်နေပါတယ်။ တစ်မျိုးကတော့ ဒါဟာ စကစက လုပ်တာ မဟုတ်ဘဲ ပီဒီအက်ဖ်တွေရဲ့ စမ်းသပ်ထားတဲ့ ဗုံးက ပေါက်ကွဲမှု ဖြစ်တာလို့ ဆိုပါတယ်။ နောက်တစ်မျိုးကတော့ ပီဒီအက်ဖ်တွေ စုနေတဲ့နေရာလို့ ယူဆရတာမို့ ခုနောက်ပိုင်း သုံးတဲ့ ဗုံးတွေကလည်း လူစုလူဝေးရဲ့ ကိုယ်အပူချိန်ကို မှတ်သားပြီး ချိန်ရွယ်ပေါက်ကွဲတာ ဖြစ်တယ်လို့ ဆိုတာပါ။ ဒါ့အပြင် ဓာတ်ပုံတွေထဲက ကလေးသူငယ်တွေရဲ့ ရုပ်အလောင်းတွေဟာ သပ်ရပ်နေလို့ တကယ်မသေဘဲ ဆင်ရိုက်ထားတာ၊ ဒီအချိန် နွေကျောင်းပိတ်ရက်မှာ ကျောင်းဖွင့်တာဟာမဖြစ်နိုင်တာလို့ဆိုတာမျိုးတောင်ရှိပါတယ်။
ဒီလို ဇာတ်လမ်းဆင် လိမ်ညာဖုံးဖိမှုတွေဟာ ဒီတစ်ကြိမ်မှာတင် ဖြစ်တာ မဟုတ်ဘဲ ရှေ့က လေးနှစ်ကျော်ကာလအတွင်း အကြိမ် ထောင်ချီခဲ့တဲ့ ဗုံးကြမှုတိုင်းမှာလည်း ဖြစ်ခဲ့ဖူးပါတယ်။ဒါပေမဲ့စစ်ကိုင်းငလျင်လှုပ်တဲ့နေ့က စကစပြောရေးဆိုခွင့်ရှိသူနဲ့ အယ်လ်ဂျာဇီးရား သတင်းထောက် တွေ့ဆုံခန်းမှာ ပဇီကြီးဗုံးကြဲမှုအတွင်း ကလေးသူငယ်တွေ သေဆုံးခဲ့ရတဲ့ ကိစ္စဟာ ဖြစ်သင့်ရဲ့လားလို့ အမေးကို ပီဒီအက်ဖ်ကို ထောက်ခံအားပေးနေရင် ခုလို စစ်ရဲ့ ဘေးထွက်ဆိုးကျိုးမျိုးကို တွေ့ကြုံရမှာ မဆန်းပါဘူးလို့ သဘောရတဲ့ အဖြေမျိုးနဲ့ တုံ့ပြန်ခဲ့ပါတယ်။ တနည်းအားဖြင့် ကလေးသော ဘာသော နားမလည်ဘူး၊ ပီဒီအက်ဖ်ကို အားပေးတဲ့သူတွေလို့ ယူဆရင်ကို ဗုံးကြဲတာ သေတာဟာ ထိုက်တန်တယ်လို့ ဆိုခဲ့တာပါ။တနည်း စကစတပ်တွေ ဗုံးကြဲခဲ့ကြောင်း အတည်ပြုပေးခဲ့တာပါ။
ဒီတော့ ပီဒီအက်ဖ်တွေ စုဝေးနေတဲ့နေရာလို့ ယူဆပြီး ဗုံးကြဲတယ်ဆိုတဲ့ဇာတ်ကြောင်းပြောကို ထောက်ခံသူတွေကို မေးစရာ ရှိလာတာက စာသင်ကျောင်းအဆောက်အဦဆိုတာ ပကတိမျက်စိနဲ့ရော ဒရုန်းမော်နီတာမှာပါ ထင်ရှားသိသာနိုင်ပါရက်နဲ့ ပီဒီအက်ဖ်တွေချည်းသက်သက် စုဝေးနေမယ့်နေရာလို့ ယူဆတာလားလို့ပါ။ ကိုယ်ပူချိန်အာရုံခံဗုံးကိုသုံးတယ်ဆိုရင်လည်းစာသင်ကျောင်းလိုနေရာမျိုးမှာ လူစူလူဝေး ရှိနေတဲ့အထဲ ကလေးသူငယ်တွေလို ကိုယ်ခန္ဓာအရွယ်အစားတွေကိုပါ တွေ့နေရပြီဆိုရင် ဒါဟာ တိကျတဲ့ စစ်ရေးပစ်မှတ်နေရာလား၊ ဝေဝါးနေတဲ့ နေရာလားဆိုတာ အရင် စဉ်းစားရမှာက လေယာဉ်မောင်းသူ၊ ဒရုန်းမောင်းသူ စကစတပ်သားတွေပဲ ဖြစ်ပါမယ်။ ဗုံးက သူ့အလိုလို ခုန်ပေါက်ဆင်းသွားတာမျိုးမှ မဟုတ်ဘဲ။
ပီဒီအက်ဖ်တွေက စမ်းသပ်တဲ့ဗုံး ပေါက်တာပါဆိုတဲ့ ဇာတ်ကြောင်းပြောသူတွေနဲ့ ထောက်ခံယုံကြည်သူတွေအနေနဲ့လည်း အဲဒီစမ်းသပ်ဗုံးဆိုတာဟာ လူ ၂၂ ဦးလောက် ပွဲချင်းပြီးသေဆုံးပြီး လူ ၅၀ ကျော် ပြင်းထန်ဒဏ်ရာရလောက်အောင် ပြင်းထန်နိုင်မလားဆိုတဲ့ မေးခွန်းကို ဖြေကြည့်ပါ။ ကျန်တဲ့ဇာတ်ကြောင်းပြောတွေကတော့ ပြန်လှန်မေးခွန်းထုတ်ချင်စရာကို မလိုလောက်အောင် အောက်တန်းကျကျ တွေးခေါ်ရေရွတ်နေတာတွေပါပဲ။
ဒီတော့ စကစလေတပ်က အဆင့်အမြင့်ဆုံးအရာရှိအဆင့်ကနေ တပ်သားအောက်ခြေအဆင့်အထိ စစ်ကျွန်တွေအားလုံးဟာ စစ်တိုက်တာကို လူသတ်တာလို့ပဲ နားလည်နေတဲ့ လူ့အရာကျနေသူ အရိုင်းအစိုင်းအဆင့်ပဲ ရှိနေတာ သေချာပါတယ်။ ငါတို့ အနိုင်ရဖို့ ငါတို့စကစတပ် အာဏာတည်မြဲဖို့ ဘယ်ပြည်သူကိုမဆို သတ်ဖြတ်ကြရမယ်လို့ တွေးထင်နေရင်လည်း ပြန်စဉ်းစားစရာလေးတွေ ရှိနေပါတယ်။ ဒီနေ့အထိ စကစတပ်သားတွေ မတရားသတ်ဖြတ်လို့ သေတဲ့ ပြည်သူအရေအတွက်ဟာ သောင်းဂဏန်းကပ်နေပါပြီ။ စကစက နိုင်နေပြီတဲ့လား။ စစ်မှုမထမ်းမနေရလို့ အတင်းအကြပ်လုပ်နေရတာကိုကငါတို့မှာလူအင်အားတောင်မလုံလောက်တော့ဘူးလို့ ဝန်ခံနေကြရတာ မဟုတ်ဘူးလား။
သေဆုံးခဲ့ရတဲ့ သာမန်ပြည်သူတွေထဲမှာ ကလေးသူငယ်ပေါင်း ထောင်ချီပြီး ပါဝင်နေတာဟာ ‘အနာဂတ်ကောင်း’တွေ သယ်ဆောင်လာပေးနိုင်အောင် အားထုတ်နေတာတဲ့လား။ ခုနောက်ပိုင်းမှာ လက်နက်ချစကစတပ်သားနဲ့ မိသားစုတွေကိုပါ ဗုံးကြဲပြီး လက်စဖျောက်နှုတ်ပိတ်ဖို့ လုပ်လာတာကရော လေတပ်ကြီးရဲ့ သစ္စာတော်ထမ်း အားထုတ်မှုတွေတဲ့လား။ မြေပြင်မှာ သူ သေ ကိုယ် သေ အနိုင်တိုက်ဖို့ မတတ်နိုင်တော့တဲ့အခါ ငါတို့အပေါ် အနိုင်ယူသူတွေကို အားပေးထောက်ခံတဲ့ ပြည်သူမှန်သမျှကိုသတ်ဖြတ်တာဟာစစ်နိုင်အောင် ကြိုးပမ်းမှုပဲလို့ တကယ် ယုံကြည်နေတာလား။
လက်လွတ်သွားတဲ့ နယ်မြေတွေကို ဗုံးကြဲပြီး ဒေသခံလူထုကို ဒုက္ခပေးရတာဟာ စကစလေတပ်နဲ့ ကျန်စကစတစ်ခုလုံးရဲ့ ဘယ်အစိတ်အပိုင်းကိုများ အားသာသွားအောင် လုပ်ပေးနေပါလဲ။ ငါတို့ မအုပ်ချုပ်ရရင် ဘယ်သူမှလည်း အုပ်ချုပ်လို့ မရစေရဘူးလို့ ရည်ရွယ်ပြီး အုပ်ချုပ်ခံလူထု ပြုန်းတီးသွားအောင် လုပ်နေတာဟာ စကစရဲ့ အာဏာတည်မြဲရေးအတွက် ဘယ်လိုများ အထောက်အကူ ပြုသွားပါသလဲ။လက်လွတ်လိုက်ရပေမဲ့ ပေါက်ဖော်ကြီး အားကိုးနဲ့ မြို့ဆိုင်းဘုတ်မှာ သပြေပန်းခက်နဲ့ ဖြန်းပက်ခွင့်ရအောင် လုပ်နိုင်သားပဲလို့ တွေးနေတာဟာ ကမ္ဘာ့အဆင့်နံပါတ်တစ်ခု ချိတ်ဖို့ ထိုက်တန်တဲ့ စစ်တပ်မျိုးရဲ့ အမြော်အမြင်တဲ့လား။ စကစကျောင်းမတက်ရေး လှုံ့ဆော်ခဲ့ကြတာဟာ နိုင်ငံ့အနာဂတ်ကိုသတ်တာလို့ပြောခဲ့ကြသလောက်ပညာရေးဆိုတဲ့ လူ့ရပိုင်ခွင့်အတွက် စကစအစီအစဉ်အတိုင်း မဟုတ်ဘဲ စီမံထောက်ကူပေးတဲ့ စာသင်ကျောင်းတွေ ဗုံးဒဏ်ခံရတာကို မမြင်ချင်ယောင်ဆောင်ရတာဟာ နိုင်ငံ့အနာဂတ်ကို ပူပန်တတ်တာတဲ့လား။
ဒီလောက် ပရမ်းပတာ ရက်စက်ကြမ်းကြုတ်တဲ့ စကစဟာ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့အရေး စားပွဲပေါ် တက်ပြီး ဆွေးနွေးနိုင်လောက်တဲ့ သတ္တိနဲ့ စွမ်းရည် ရှိနေတဲ့ အစုအဖွဲ့တဲ့လား။ ပြည်တွင်းငြိမ်းချမ်းရေး မရတာဟာ စစ်ရေးတိုက်ပွဲတွေကြောင့်လို့ အတွေးတိမ်တိမ် တွေးနေကြပြီး ဇွတ်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ကြဖို့ နည်းပေါင်းစုံနဲ့ ဆွဲဆောင်စည်းရုံးနေကြသူတွေကရော အပစ်အခတ် ရပ်စဲရေးအတွက် ဘယ်သူ့ကို အရင် တိုက်တွန်းပြောဆိုရမယ်ဆိုတာကို မသိချင်ယောင်ဆောင်နေကြတုန်းပဲလား။ လက်နက်ဟာ အဖြေ မဟုတ်ဘူးလို့ တကယ် သဘောပေါက်ရင် လက်နက်ကို ပရမ်းပတာ သုံးနေတဲ့ စကစကို ဘာတစ်ခုမှ မဟရဲဘဲ ကျန်အစုအဖွဲ့တွေကို ပတ်ရမ်း ဇွတ်အပြစ်ပြောနေကြရုံနဲ့ အဖြေ ထွက်လာပြီး အနာဂတ်ကြီး ကောင်းသွားမယ်လို့ တကယ် ယုံကြည်နေကြတာလား။
ဘယ်သူ့ဘက်မှ မရပ်တည်ဘဲ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လုပ်ပေးနေတာပါဆိုတဲ့ တရုတ်နိုင်ငံကြီးကရော ထောင်နဲ့ချီတဲ့ ကလေးသူငယ်တွေကို သတ်ဖြတ်ရက်စက်ခဲ့တဲ့ ခေတ်မီဗုံးတွေ ဒရုန်းတွေ ရောင်းပေးလိုက်ရတာ အဖြေထုတ်ပေးလိုက်တာတဲ့လား။ ဒီအဖြေဟာ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ဘယ်နေရာကနေ အထောက်အကူ ဖြစ်သွားပါသလဲ။ မြန်မာလူထုရဲ့ အကျိုးစီးပွါးကို လျစ်လျူရှုနေသရွေ့ ဘယ်နိုင်ငံအစိုးရရဲ့ ဩဇာမဆို မြန်မာနိုင်ငံအပေါ် မသက်ရောက်နိုင်ဘူးဆိုတာကို မသိကျိုးကျွံပြုနိုင်မှာတဲ့လား။ နီးရာဓားဖြစ်တဲ့ အင်အားကြီးအစိုးရတွေကိုသာ ကြောက်ပြီး မြန်မာလူထု အတိဒုက္ခရောက်မှာကို မစိုးရိမ် မပူပန်သလို မသိလိုက် မသိဘာသာနဲ့ ဝေ့လည်ကြောင်ပတ် ရပ်တည်နေကြသရွေ့ အာဆီယံဟာ အာဖရိကသမဂ္ဂလောက် နိုင်ငံရေးကိုယ်ခံအား မရှိဖြစ်နေတော့မှာကို မတွေးကြတော့တာလား။
သေချာတာကတော့ စကစဟာ ကိုယ့်ရှင်သန်မှုက လွဲပြီး ဘယ်သူ့အပေါ်မှာမှ မစာနာသလို ကိုယ်နဲ့ကိုယ့်ဘက်သားတွေ ဘယ်လိုမတရားလုပ်လုပ် မျက်ကွယ်ပြု/လိမ်ညာဖုံးဖိ/တိုက်တွန်းအားပေးတာတွေ လုပ်နေတဲ့ အရိုင်းအစိုင်းသက်သက်ပဲ ဖြစ်ပါတယ်။ သူ့ကို အားပေးထောက်ခံ ချီးကျူးဂုဏ်ပြုကြတဲ့ လူတစ်ယောက်ချင်း၊ ပါတီတစ်ခုချင်း၊ အစုအဖွဲ့တစ်စုချင်း၊ အစိုးရတစ်စုံချင်းဟာလည်း အရိုင်းအစိုင်းကို အားပေးရုံနဲ့ ငြိမ်းချမ်းရေးအစစ်အမှန် ရတဲ့ အနာဂတ်မျိုးကို တည်ဆောက်ပေးနိုင်မလားဆိုတဲ့ မေးခွန်းကို ဖြေကြဖို့ လိုပါမယ်။ ။
