ဂါဇာ ကမ်းမြှောင်ဒေသမှာ ဆေးရုံတစ်ခုကို ဗုံးကြဲခဲ့ကြောင်း အစ္စရေး စစ်တပ်က အတည်ပြုခဲ့ပြီး ဆေးရုံရဲ့ အောက်မှာ လျှို့ဝှက် တည်ဆောက်ထားတဲ့ ဟားမားစ် စစ်ရေးကွပ်ကဲမှု ဌာန တစ်ခုကို တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
မေလ ၁၃ ရက်နေ့ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၆ ယောက် သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့ လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက အစောပိုင်းမှာ ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ကယ်ဆယ်ရေး အဖွဲ့တွေကတော့ အသေအပျောက်ဟာ ၂၈ ဦးထိ များပြားခဲ့ကြောင်း ဆိုပါတယ်။
အစ္စရေးစစ်တပ်က ဆေးရုံအောက်မှာ ရှိနေတဲ့ ဟားမားစ် လျှို့ဝှက်စခန်းကို ဗုံးကြဲခဲ့တာလို့ ပြောပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မကြေညာပါဘူး။ ဒါပေမဲ့ နီးစပ်သူတွေကတော့ အစ္စရေးရဲ့ ပစ်မှတ်ဟာ ဟားမားစ်အဖွဲ့ကို ဦးဆောင်နေသူ မိုဟာမက် ဆင်ဝါ ဖြစ်တယ်လို့ CNN သတင်းဌာနကို ပြောပါတယ်။

မိုဟာမက် ဆင်ဝါဟာ အစ်ကိုဖြစ်သူ ယာယာဆင်ဝါက ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလမှာ အစ္စရေး လက်ချက်နဲ့ သေဆုံးခဲ့ပြီးနောက်ပိုင်း ဟားမားစ်ကို အဓိက ဦးဆောင်နေသူ ဖြစ်လာပါတယ်။

Public Service Announcement
ဂါဇာတောင်ပိုင်း၊ ခန်ယူနစ်မြို့မှာရှိတဲ့ ဥရောပ ရန်ပုံငွေနဲ့ တည်ဆောက်ထားတဲ့ ဆေးရုံကို အစ္စရေးက ဗုံး ၆ လုံးလောက် ကြဲချခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အဲဒီ တိုက်ခိုက်မှုမှာ ဆင်ဝါ ထိခိုက်သေဆုံးသလား ဆိုတာကိုတော့ မသိရသေးပါဘူး။
အစ္စရေးရဲ့ ပစ်မှတ်ဟာ ဟားမားစ် အကြမ်းဖက် အဖွဲ့ရဲ့ စစ်ရေးကွပ်ကဲမှု ဌာနချုပ် တစ်ခုဖြစ်ကြောင်း၊ ဆေးရုံအောက်မှာ မြေအောက်ထပ် အဆောက်အအုံ တစ်ခုအဖြစ် လည်ပတ်နေကြောင်း အစ္စရေး စစ်တပ်က ကြေညာပါတယ်။
ဆေးရုံဝင်းအနှံ့ကို ဗုံးတွေ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သက်ကြီးစောင့်ရှောက်ရေး ဌာန အကြီးအကဲ ဒေါက်တာ ဆာလားအယ်လ်ဟမ်စ်က ပြောပါတယ်။ မြင်ကွင်းက ကမ္ဘာပျက်သလို ဖြစ်နေခဲ့ပြီး အပျက်အစီးပုံတွေအောက်မှာ ပိတ်မိနေသူတွေ ရှိနေဆဲလို့ သူက ဆိုပါတယ်။
တိုက်ခိုက်မှု အပြီးမှာတော့ ဆေးရုံ ဝန်ထမ်းတွေဟာ လူနာတွေကို ဘေးကင်းမယ့် နေရာတွေဆီ အရေးပေါ် ရွှေ့ပြောင်းပေးနေခဲ့ကြပါတယ်။
ဆေးရုံမှာ ဆင်ဝါ ပုန်းအောင်းနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဟားမားစ်က ပယ်ချခဲ့သလို ဆင်ဝါဟာ ဟားမားစ်ရဲ့ ခေါင်းဆောင်အဖြစ် ဦးဆောင်နေတယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေကိုလည်း မှတ်ချက်ပေးမှာ မဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
မေလ ၁၃ ရက်နေ့ ညပိုင်းမှာတော့ ဂါဇာဖက်ကနေ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်နှစ်စင်းကို အစ္စရေးက ကြားဖြတ် ပစ်ချခဲ့ရပြီး တတိယ တစ်စင်းကတော့ လူမရှိတဲ့ ကွင်းပြင်တစ်ခုဆီ ကျရောက်ခဲ့တယ်လို့ သိရပါတယ်။
ကိုးကား: CNN
