close
Connect with us

Hi, what are you looking for?

ဆောင်းပါး

မော်စကိုမှာထုတ်ပြတဲ့ တရုတ်ရုပ်​သေးအစိုးရနဲ့​ ​ပိုကြမ်းတမ်းပြင်းထန်လာမယ့်​နွေဦးတော်လှန်​ရေး

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါစကားကို ထုတ်ဖော်ပြောဆိုအပြီး ၁၁ ရက်အကြာမှာပဲ တရုတ်သမ္မတရှီကျင့်ဖျင်က အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ရုရှားနိုင်ငံ မော်စကိုမြို့မှာ လက်ခံတွေ့ဆုံလိုက်ပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင် နဲ့ တရုတ်သမ္မတ တို့​​မော်စကိုမှာ​တွေ့ဆုံးစဥ် / PDF တပ်ဖွဲ့ဝင်​တွေ နဲ့အင်း​တော်မြို့သိမ်းတိုက်ပွဲ မှသိမ်းဆည်းရရှိတဲ့ ​ဟောင်ဝစ်ဇာ အပါအဝင်လက်နက်ခဲယမ်းများ/ ​ရွှေကျင် ခမရ (၅၉၈)တပ်ရင်းဌာနချုပ်ကိုသိမ်းပိုက်ပြီး​နောက် ​တော်လှန်​ရေးတပ်​များကို​တွေ့ရစဥ်။ ဓါတ်ပုံ-Mao Ning ၊ MDY-PDF၊ NUG

သော်မွန်/People’s Spring

“တရုတ်ရဲ့ မြန်မာ့အရေး ကြားဝင် ဖျန်ဖြေမှုတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင်မဖြစ်စေသင့်ဘူး”

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါစကားကို ထုတ်ဖော်ပြောဆိုအပြီး ၁၁ ရက်အကြာမှာပဲ တရုတ်သမ္မတရှီကျင့်ဖျင်က အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ရုရှားနိုင်ငံ မော်စကိုမြို့မှာ လက်ခံတွေ့ဆုံလိုက်ပါတယ်။

ရုရှားရဲ့ ဒုတိယ ကမ္ဘာစစ်အောင်ပွဲ နှစ်ပတ်လည် နှစ် ၈၀ပြည့် အခမ်းအနား တက်ရောက်ကြရင်း တွေ့ဆုံကြတာကြောင့် ခရီးသွားဟန်လွှဲတွေ့ဆုံတာလို့ သုံးသပ်မှုအချို့ ရှိပေမယ့်လည်း ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း လေးနှစ်ကျော်ကာလအတွင်း တရုတ်သမ္မတက စစ်ခေါင်းဆောင်ကို ပထမဆုံးအကြိမ် လက်ဆွဲနှုတ်ဆက်ပြီး မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြတာပါ။

Public Service Announcement

Public Service Announcement

ဒါကြောင့် တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီကို အသိအမှတ်ပြု ထောက်ခံမှုပေးနေတယ်ဆိုတာကို တရားဝင်ကြေညာလိုက်တယ်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေကသုံးသပ်ကြပါတယ်။

“ရုရှားခရီးစဥ်မှာတွေ့ဆုံမှုဟာနောင်လာမယ့်တရုတ်ပြည်ခရီးစဥ်တရပ်အတွက် အကြိုပြတဲ့ နိမိတ်ပုံလားဆိုတာ ကျွန်တော်တို့က စဥ်းစားစရာရှိပါတယ်” လို့ နိုင်ငံရေးသုတေသီ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုပါတယ်။

မြန်မာ့အိမ်နီးချင်း အင်အားကြီး(super power)နိုင်ငံ တရုတ်ဟာ မြန်မာနိုင်ငံစစ်အာဏာသိမ်းခါစက စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အသိအမှတ်ပြုတဲ့ လက္ခဏာမပြခဲ့ဘဲ ခပ်လှမ်းလှမ်းကသာ သတိထား ဆက်ဆံမှုမျိုး ပြသခဲ့ပါတယ်။ဒါပေမယ့် ​၂၀၂၄ သြဂုတ်လလယ်ကစလို့ တရုတ်အစိုးရက အာဏာသိမ်းအုပ်စုကို နိုင်ငံရေး၊ ဘဏ္ဍာရေး အကူအညီများသာမက စစ်ရေးနဲ့ဆက်စပ်တဲ့ ကူညီမှုတွေကို လူသိရှင်ကြားရော၊ တိတ်တခိုးရော ပေးအပ်ခဲ့ပါတယ်။

အထင်ရှားဆုံးကတော့ စစ်တပ်ရဲ့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)နဲ့ လားရှိုးမြို့ကို ကိုးကန့်တပ်(MNDAA)ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်အပြီး ​တော်လှန်​ရေးတပ်​တွေရဲ့မြို့သိမ်းတိုက်ပွဲ​တွေ အရှိန်မြှင့်လာပြီး မင်းအောင်လှိုင်ရဲ့ နေပြည်တော်အာဏာ လှုပ်ယမ်းလာချိန်မှာ ဘေဂျင်းအစိုးရရဲ့ နေပြည်တော် သက်ဆိုးရှည်ရေး ဘက်စုံအကူအညီပေးမှုတွေပါပဲ။ တရုတ်ဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ကြားဝင်မစွက်ဖက်ရေးမူကို ကိုင်စွဲကျင့်သုံးကြောင်း ဖန်တစ်ရာတေအောင် ပြောဆိုပေမယ့် လက်တွေ့မှာတော့ မြန်မာ့အရေးမှာ ပါဝင်ပတ်သက်မှုအရှိဆုံး ပြည်ပနိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်တယ်ဆိုတာကို နိုင်ငံရေးအကဲခတ်တွေက အခိုင်အမာ ယုံကြည်နေကြပါတယ်။

အစောပိုင်းမှာ ဘေဂျင်းရဲ့ နေပြည်တော်အပေါ် ဆက်ဆံရေး အေးစက်သယောင်ရှိခဲ့တာကလည်း ၂၀၂၁ စစ်အာဏာသိမ်းမှုကို နိုင်ငံတဝန်းရှိ လူထုလူတန်းစားအလွှာပေါင်းစုံ၊ တောင်တန်းပြည်မ တသံတည်းထွက်ပြီး နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ခဲ့ကြလို့ဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ လက်ရှိ နွေဦးတော်လှန်ရေးဟာ မြန်မာပြည် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ဘယ်တုန်းကမျှ မရရှိဖူးတဲ့ တိုင်းရင်းသားပြည်သူလူထုကြီးရဲ့ ညီညွတ်မှုလို့ တော်လှန်ရေးအင်အားစုတွေက မှတ်ယူကြပါတယ်။ ဒီအရှိန်အဟုန်၊ ဒီလူထုလှိုင်းကြီးကြောင့်သာ ဘေဂျင်းအစိုးရဟာ ကြောင်လက်သည်းဝှက် လုပ်ခဲ့ရပုံပါပဲ။

ဒါပေမဲ့လက်ရှိကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းပြောင်းလဲလာမှုက မြန်မာပြည်သူတွေကို ဘယ်တုန်းကနဲ့မှ မတူအောင် နေ့စဥ် သတ်ဖြတ်၊ ကြမ်းရမ်းနေတဲ့ မင်းအောင်လှိုင်နဲ့ သူ့ရဲ့စစ်ကောင်စီကို သမ္မတရှီကျင့်ဖျင်တို့ ပေါ်ပေါ်တင်တင် ထိတွေ့ဆက်ဆံဖို့ ဖြစ်လာပါတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုမှာ သမ္မတဒေါ်နယ်ထရန့် တကျော့ပြန် အာဏာရလာခြင်းနဲ့အတူ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲဟာလည်း တဖန်ပြန်လည် တာဆူလာပါတယ်။

ဒီအခြေအနေမှာတရုတ်ဟာ ရုရှားနဲ့အတူ စစ်အာဏာရှင်ဖြစ်စေ၊ ဘယ်လိုဆိုးရွားတဲ့ခေါင်းဆောင်မျိုးဖြစ်စေ သူ့ရဲ့မဟာမိတ်ဖွဲ့ဖို့ တွန့်ဆုတ်မနေတော့ဘဲ ရူးမိုက်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လုပ်ကိုင်လာတယ်လို့ မြန်မာပြည် စစ်ရေး၊ နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။

“အာဏာလက်မလွှတ်ရရေး(မင်းအောင်လှိုင်က) ဘယ်သူပဲ ကပ်ရ၊ ကပ်ရ ဖြစ်နေတဲ့အချိန်မှာ ရုရှားနဲ့ တရုတ်အတွက်ကမင်းအောင်လှိုင်ကစျေးအပေါဆုံးပဲ။ တရုတ်ရဲ့ ရုပ်သေးအစိုးရပဲ” လို့ အဲဒီဝါရင့် စစ်ရေး၊ နိုင်ငံရေးအကဲခတ်က ပြောပါတယ်။

တရုတ်က စစ်ကောင်စီကို အားပေးထောက်ခံမှု တရားဝင်ပေးပြီး မင်းအောင်လှိုင်နဲ့အတူ ရပ်တည်ကြောင်း ပြသလိုက်တာက နွေဦးတော်လှန်ရေးအတွက်၊ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် ပိုမိုခက်ခဲလာစေနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတတိယပတ်ကပဲ စစ်ကောင်စီဟာ တရုတ်အကူအညီနဲ့ MNDAA ဆီကနေ လားရှိုးမြို့ကို ပြန်လည်ရရှိသွားပါတယ်။

MNDAA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ၂၀၂၄ သြဂုတ်လဆန်းမှာ ရမခနဲ့ လားရှိုးမြို့ကို သိမ်းပိုက်ပြီးချိန်ကတည်းက မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေက သူတို့ ဆုံးရှုံးခဲ့သမျှကို ပြန်လည်တိုက် ယူမယ်လို့ ကြွေးကြော်ခဲ့ပေမယ့် လပေါင်းများစွာ ကြာသည့်တိုင် ကိုယ်ပိုင်အစွမ်းအစနဲ့ တိုက်ယူနိုင်ခြင်း မရရှိခဲ့ပါဘူး။ တရုတ်ရဲ့ အတင်းအကျပ် ပြင်းထန်တဲ့ ဖိအားတွေကြောင့်သာ MNDAA တို့ လားရှိုးမြို့ပေါ်ကနေ ဆုတ်ခွာခဲ့ရတာပါ။

လက်ရှိမှာ နိုင်ငံတဝန်း တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့မြို့ပေါင်းဟာ ၉၅ မြို့အထိ ရှိနေပါတယ်။ စစ်ကောင်စီရဲ့ နယ်မြေစိုးမိုးနိုင်မှုဟာ နိုင်ငံ့ဧရိယာရဲ့ ၂၀ ရာခိုင်နှုန်းစွန်းစွန်းသာ ရှိတော့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ဖော်ပြောဆိုထားပါတယ်။ စစ်ကောင်စီဟာ ရာနှင့်ချီသော မြို့တွေကို အာဏာသက်ရောက်နေဆဲဖြစ်ပေမယ့် အများစုမှာ မြို့ပေါ်ကွက်ကွက်လေးသာ စစ်ကောင်စီအာဏာသက်ရောက်ပြီး ကျန်ဧရိယာအများစုကို တော်လှန်ရေးတပ်တွေက စိုးမိုးထိန်းချုပ်ထားတာလို့ NUG က ဆိုပါတယ်။ မြေပြင်မှာလည်း အဲဒီလို အခြေအနေမျိုးနီးပါးဖြစ်တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသအများစုနဲ့ မကွေးတိုင်း ဧရာဝတီမြစ် အနောက်ခြမ်းမြို့နယ်အားလုံးနီးပါးမှာ တော်လှန်ရေးတပ်တွေ စိုးမိုးထားပြီး စစ်ကောင်စီဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကိုသာ အဓိက လုပ်ဆောင်နိုင်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

တရုတ်နိုင်ငံဟာ တည်ငြိမ်ရေး(stability)ကို အမြဲအလေးထားပြောကြားပေမယ့် မြန်မာပြည်သူလူထု လိုလားတဲ့ တည်ငြိမ်ရေးကိုတော့ အသိအမှတ်ပြုတာ မရှိဘူးလို့ နိုင်ငံရေးသုတေသီ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုပါတယ်။

“သူတို့လိုချင်တဲ့တည်ငြိမ်ရေးဆိုတာကမြန်မာပြည်က သယံဇာတတွေ လွတ်လပ်စွာထုတ်လုပ်ရေး၊ ကုန်စည်ကူးသန်းရောင်းဝယ်မှု အဆင်ပြေချောမွေ့ရေး၊ သူ့ရဲ့ OBOR စီမံကိန်းတွေ ဆက်လက်အကောင်အထည်ဖော်ရေး၊ အဲဒါအတွက် တည်ငြိမ်ရေးလိုအပ်တယ်လို့ တောက်လျှောက်ပြောနေတာဖြစ်ပါတယ်။အဲဒါကဗမာပြည်သူလူထုက ဒီကနေ့ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးအကျိုးစီးပွားနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်” လို့ သူက ဆိုပါတယ်။

သမ္မတရှီကျင့်ဖျင်နဲ့ မင်းအောင်လှိုင်တို့ တွေ့ဆုံစဥ်မှာလည်း မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရုတ်နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေ၊ စီမံကိန်းတွေရဲ့ လုံခြုံရေးအတွက် မြန်မာဖက်က ခိုင်မာတဲ့ အစီအမံတွေ ရှိနေမယ်လို့မျှော်လင့်ကြောင်း ပြောပါတယ်။ ဒါ့အပြင် ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ၊တရားမဝင် အွန်လိုင်း လောင်းကစား လုပ်ငန်းတွေနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ တိုက်ဖျက်ရေးကို ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက်နိုင်ဖို့လည်း တရုတ်သမ္မတက တောင်းဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း မြန်မာကို ယုံကြည် အားကိုးထိုက်တဲ့ အိမ်နီးချင်းကောင်းအနေနဲ့ အမြဲတမ်းစိတ်ချထားနိုင်ကြောင်းနဲ့ တရုတ်နဲ့ ကုန်သွယ်ရေး၊ စီးပွားရေး၊ စွမ်းအင်ကဏ္ဍတွေမှာ ပိုမို ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာဖက်က အမြဲအာသီသ ရှိနေကြောင်း ပြောပါတယ်။ ပြည်တွင်းက တရုတ်နိုင်ငံသားတွေ နဲ့ တရုတ်စီမံကိန်းတွေရဲ့လုံခြုံရေးအတွက် စွမ်းနိုင်သမျှကဏ္ဍအားလုံးကို လုပ်ပါ့မယ်လို့ မင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

ဒါ​ပေမယ့် တရုတ်-မြန်မာပိုက်လိုင်းဖြတ်သန်းရာ​ဒေသ​အများစုအပါအဝင် တ​ကောင်းနီကယ်စက်ရုံလို တရုတ်စီမံကိန်းများစွာဟာ ​တော်လှန်​ရေးတပ်ဖွဲ့​တွေကထိန်းချုပ်ထားပြီး စစ်​ကောင်စီထိန်းချုပ်နိုင်မှု တဖြည်းဖြည်း​​လျော့နည်းလာ​နေချိန်မှာ စစ်​ကောင်စီက တရုတ်စီမံကိန်း​တွေကို အကာအကွယ်​ပေး​မယ်လို့ဆို​နေတာပါ။

ဝါရင့်နိုင်ငံရေးအကဲခတ်တစ်ဦးကတော့စစ်ကောင်စီဘက်မှာ တရုတ် ဘယ်အထိ ထောက်ခံကူညီမလဲဆိုတဲ့အပေါ် မူတည်ပြီး နိုင်ငံတကာ(အနောက် ဒီမိုကရေစီနိုင်ငံကြီးများ)ကလည်းတော်လှန်ရေးအင်အားစုဘက်ကို ထောက်ခံကူညီလိမ့်မယ်လို့ သုံးသပ်ပါတယ်။

“အခက်အခဲကတော့ရှိမယ်။ဒါပေမဲ့ တရုတ်ဘယ်အခြေအနေအထိပါမလဲ။တရုတ်ပါသလောက် နိုင်ငံတကာက ပါလာမှာပဲ” လို့ အဲဒီဝါရင့်နိုင်ငံရေးအကဲခတ်က ပြောပါတယ်။

နောက်ပြီး တရုတ်နိုင်ငံက အာဏာသိမ်းစစ်ကောင်စီနဲ့ ပိုမိုထဲထဲဝင်ဝင် ရပ်တည်ထောက်ခံလေလေ မြန်မာပြည်မှာ proxy war(ကြားခံစစ်ပွဲ)ဖြစ်နိုင်တဲ့အလားအလာပိုများလေလေဖြစ်ကြောင်း ဝါရင့်နိုင်ငံရေးအကဲခတ်က ခန့်မှန်းပါတယ်။

မြန်မာပြည်မှာ proxy war ဖြစ်နိုင်တဲ့ခန့်မှန်းချက်ကိုအချို့ နိုင်ငံရေးအကဲခတ်တွေက သဘောမတူပေမယ့် ယတိပြတ်ငြင်းဆိုဖို့ ခက်ခဲတယ်လို့ မှတ်ချက်ပြုကြပါတယ်။ ဒါပေမဲ့ လက်ရှိနိုင်ငံရေး၊ စစ်ရေးအခြေအနေတွေအရ လက်နက်ကိုင် ဆက်လက်တိုက်ပွဲဝင်ရုံကလွဲလို့ အခြားနည်းလမ်းမရှိဘဲ တော်လှန်ရေးမှာ ပိုမိုပြင်းထန်လာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက တူညီစွာ မှတ်ချက်ပြုပါတယ်။

အတွေ့အကြုံများပြားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်နေတဲ့ လူငယ်တော်လှန်ရေးခေါင်းဆောင်တစ်ဦးကတော့ လက်ရှိမြန်မာ့နိုင်ငံရေးမှာ တရုတ်ပါဝင်ပတ်သက်မှုအပေါ် မှတ်ချက်တစုံတရာမပေးလိုဘဲ သူ့အနေနဲ့ စစ်ရေးကို အဓိကထား အာရုံစိုက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရာဇဝတ်ကောင်ဖြစ်ပြီး အဲဒီရာဇဝတ်ကောင်နဲ့ ပူးပေါင်းထောက်ခံကူညီ ပေးနေတာက တရုတ်-မြန်မာချစ်ကြည်ရေးအတွက် အထောက်အကူမပြုနိုင်သလို တရုတ်နိုင်ငံ ပူပန်နေတဲ့ stability တည်ငြိမ်မှုကိုလည်း ရရှိနိုင်စရာအကြောင်းမရှိကြောင်း People’s Spring ကို ပြောပါတယ်။

“အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ စစ်အုပ်စုကိုသက်ဆိုးရှည်အောင် လုပ်တဲ့လုပ်ရပ်တွေကို ဆင်ခြင်ပြီးတော့ ပြည်သူလူထုရဲ့ ထောက်ခံမှုရှိနေတဲ့ နွေဦးတော်လှန်ရေးအောင်မြင်ဖို့ NUG အစိုးရနဲ့ တိုင်းရင်းသားအုပ်စုတွေနဲ့ အတူတကွ ဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး တည်ငြိမ်မှုကို ရရှိနိုင်စေမှာ ဖြစ်တယ်ဆိုတာ ပြောကြားချင်ပါတယ်” လို့ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဆိုပါတယ်။

ပြီးခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်အပြီးကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ဖို့ ပထမဆုံး ဝင်ရောက်လာတဲ့အတွက် တရုတ်အစိုးရကို မြန်မာပြည်သူတွေက ဝမ်းမြောက် ကျေးဇူးတင်သလို NUG အစိုးရအနေနဲ့လည်း အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း ဦးကျော်ဇော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၉ရက် NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက တရုတ်နိုင်ငံနဲ့ပတ်သက်လို့ အလေးအနက်ထား ပြောကြားခဲ့ပါတယ်။

ဒေသတွင်းနိုင်ငံတွေထဲမှာ ဩဇာသိပ်ကြီးထွားလာတဲ့ တရုတ်အနေနဲ့ မြန်မာ့အရေးမှာ တက်တက်ကြွကြွ ဝင်ရောက် ဖျန်ဖြေမှုကို မငြင်းပယ်ပေမယ့် တစ်ဖက်မှာလည်းယခုထက်ပိုမိုကျယ်ပြန့်တဲ့ ချည်းကပ်မှုတွေနဲ့ ကြားဝင် ဖျန်ဖြေမှသာ ရေရှည်အတွက် ဆေးနည်းကောင်း ဖြစ်တယ်လို့ ယူဆကြောင်း NUG ယာယီသမ္မတက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် လားရှိုးမြို့ကို စစ်ကောင်စီ ပြန်လည်ရရှိစေခဲ့တဲ့လုပ်ရပ်ဟာ မြန်မာ့အရေးကိုလတ်တလောအနာသက်သာရုံ’ဆေးမြီးတို’ လောက်နဲ့ ကျေနပ်တင်းတိမ်ရမလို ဖြစ်နေတယ်လို့လည်း ယာယီသမ္မတက ဆက်ပြောပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဘက်က NUG အစိုးရအဖွဲ့အပေါ် အမြင်တချို့ကို ပြန်လည်တည့်မတ်ပေးဖို့ လိုအပ်ပြီး NUG အစိုးရအဖွဲ့ဟာ ‘တရုတ်ရဲ့ ရန်သူ မဟုတ်ဘူး’ ၊ ‘တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် အဖွဲ့မဟုတ်ဘူး’ဆိုတာတိတိကျကျ ထုတ်ဖော်ပြောဆိုနိုင်ဖို့ ယာယီသမ္မတက သူ့အစိုးရအဖွဲ့ကို တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ တရုတ်ရဲ့ အကျိုးစီးပွားတွေနဲ့ ပတ်သက်ရင်လည်း အမျိုးသားညီ

ညွတ်ရေးအစိုးရဟာ တရုတ်အတွက် ဆူးညှောင့်ခလုတ်အဖြစ် ရှိနေမှာ မဟုတ်ဘဲ မိတ်ဖက်အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းကိုလည်း တရုတ်ဘက်ကို သတင်းစကားပါးသင့်ကြောင်း ယာယီသမ္မတက လမ်းညွှန်ပါတယ်။

NUG လက်​အောက်ခံ PDF ​တွေက ထီးချိုင့်မြို့နယ်က တရုတ်နိုင်ငံရင်းနှီးမြှပ်နှံတဲ့ တ​ကောင်းနီကယ်စက်ရုံ ၊ စဥ့်ကူးမြို့နယ်က Alpha ဘီလပ်​မြေ စက်ရုံက စစ်တပ်စခန်း​တွေကို ထိုးစစ်ဆင်သိမ်းပိုက်ပြီး စက်ရုံ​တွေကို ထိန်းချုပ်ပြီး​နောက်မှ PDF​တွေက တရုတ်နိုင်ငံသား​တွေ နဲ့ တရုတ်ရင်းနှီးမြှပ်နှံမှု​တွေကို ကာကွယ်​ပေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံရဲ့အကျိုးစီးပွားကို ကာကွယ်​ပေးနိုင်တယ်ဆိုတာ အဲဒီဖြစ်စဥ်​တွေမှာ သာဓကပြခဲ့​ပေမယ့် တရုတ်ဘက်က​တော့ NUG ဟာ အ​မေရီကန်နဲ့ အ​နောက်နိုင်ငံဘက်ယိမ်းတယ်လို့စွပ်စွဲပြီး PDF ​တွေနဲ့ ပူးပေါင်း​လုပ်ကိုင်တာ​တွေမလုပ်ဖို့တရုတ်သြဇာမလွန်ဆန်နိုင်တဲ့ တိုင်းရင်းသားလက်နက်

ကိုင်အဖွဲ့​တွေကို လူသိရှင်ကြား မကြာခဏဖိအား​ပေး​လေ့ရှိပါတယ် ။ဒါ​ကြောင့် MNDAA ဆိုရင်လည်း တရုတ်အစိုးရဘက်က ဖြတ်ငါးဖြတ်နဲ့အဖြတ်ခံထားရချိန်မှာ NUG/PDF ​တွေနဲ့ပူး​ပေါင်းလုပ်ကိုင်မှုမရှိဘူးဆိုတာကို ထုတ်ပြန်ခဲ့ရဖူးပါတယ်။

နိုင်ငံရေးသုတေသီ ဦးသန်းစိုးနိုင်ကတော့ နွေဦးတော်လှန်ရေး အင်အားစုတွေ အနေနဲ့ ကိုယ့်အလုပ်ကိုပဲ ဆက်ပြီး လုပ်ကြရုံပဲ ရှိပြီး စစ်ကောင်စီက တရုတ်ကို အားကိုးပြီးတော့ နွေဦးတော်လှန်ရေးကို ချိုးနှိမ်ဖို့ ကြိုးစားတဲ့ လုပ်ငန်းစဥ်က မအောင်မြင်နိုင်ဘူးလို့ သုံးသပ်ပါတယ်။

“ပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ ဆက်ပြီး တိုက်ပွဲဝင်ရင် နွေဦးတော်လှန်ရေး မုချအောင်မယ်။ စစ်ကောင်စီရဲ့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းနိုင်မယ်လို့ လုံးဝယုံကြည်ပါတယ်။အချိန်ပြဿနာပဲ​လို့ ကျွန်တော် ယူဆပါတယ်” လို့ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံတကာ ဗိုလ်ကျ စိုးမိုးရေး ဝါဒီတွေကို မိတ်ဆွေရင်းချာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့အတူ လက်တွဲ တွန်းလှန်သွားမယ်လို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားက အဆိုပြုခဲ့တဲ့ ၃ ရက်ကြာ အပစ်အခတ် ရပ်စဲရေးကာလ မစတင်ခင် ရုရှားရော၊ ယူကရိန်းပါ လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်ခဲ့ကြပါတယ်။

သတင်း

ယာယီအပစ်ရပ်​ကြေညာထားပြီး ၊အာဏာသိမ်းခေါင်းဆောင် ရုရှားနိုင်ငံသို့သွားရောက်နေ​သော်လည်းစစ်​ကောင်စီက မေလ ၇ရက်ညနေ နှင့် ညပိုင်းတွင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ချင်းပြည်နယ်မင်းတပ်မြို့နယ်စသည်တို့ကိုလေကြောင်းမှ ဆက်လက်ဗုံးကြဲခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တိုက်ပွဲအတွင်း ရုရှားနိုင်ငံမှ သင်တန်းဆရာများဖြင့် သင်ကြားထားသည်ဆိုသည့် PNO/PNA ပြည်သူ့စစ်၏ အထူးကွန်မန်ဒိုတပ်သားများ ရှေ့တန်းတွင် သေဆုံးနေကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်(IPDF)တာဝန်ရှိသူအချို့က လူထုနွေဦးသို့ပြောသည်။