ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး သမ္မတလို့ ပြောစမှတ် တွင်ခံရဖူးသူ ဥရုဂွေး သမ္မတဟောင်း ဟိုဆေး မူဂျီကာဟာ အသက် ၈၉ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
၂၀၁၀ ကနေ ၂၀၁၅ ခုနှစ်ထိ တောင်အမေရိက ဒေသတွင်း နိုင်ငံကို ရွေးကောက်ခံ ခေါင်းဆောင်အဖြစ် အုပ်ချုပ်ခဲ့တဲ့ မူဂျီကာဟာ သူ့ရဲ့ ရိုးရှင်းပြီး ပကာသန နည်းပါးလှတဲ့ လူနေမှု ပုံစံကြောင့် အဆင်းရဲဆုံး သမ္မတဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့တာပါ။
လက်ရှိ သမ္မတ ယာမန်ဒူ အော်စီက သမ္မတဟောင်း ကွယ်လွန်တဲ့ သတင်းကို လူမှုကွန်ရက် မီဒီယာ Xမှာ အတည်ပြု ရေးသားခဲ့ပါတယ်။ မေလ ၁၃ ရက်နေ့မှာ မူဂျီကာ ကွယ်လွန်သွားကြောင်း၊ မူဂျီကာရဲ့ ဘဝတလျှောက် သူချစ်တဲ့ နိုင်ငံနဲ့ ပြည်သူတွေအတွက် ပေးဆပ်ခဲ့တာတွေကို အမြဲ အမှတ်ရနေမှာဖြစ်ကြောင်း အော်စီက ဆိုပါတယ်။
မူဂျီကာ ဘာကြောင့် သေဆုံးသွားသလဲ ဆိုတာကို အတိအကျ မသိရသေးပေမယ့် သူဟာ အစာပြွန် ကင်ဆာကို ကာလရှည်ကြာ ခံစားနေခဲ့ရကြောင်း သိရပါတယ်။

Public Service Announcement
မူဂျီကာဟာ တော်လှန်ရေး ပြောက်ကျားခေါင်းဆောင် တစ်ဦးကနေ နိုင်ငံသမ္မတ ဖြစ်လာခဲ့သူပါ။ သူ့လက်ထက်မှာ သိသာထင်ရှားတဲ့ လူမှုစီးပွား မူဝါဒ အပြောင်းအလဲတွေကို အကောင်အထည် ဖော်ခဲ့ပြီး ဥရုဂွေးဟာ စိတ်အပန်းဖြေဖို့ ဆေးခြောက်သုံးစွဲခွင့်ပြုတဲ့ ပထမဆုံး နိုင်ငံလည်း ဖြစ်ခဲ့ပါတယ်။ မူဂျီကာဟာ သူ့နိုင်ငံမှာသာ မကဘဲ လက်တင်အမေရိက ဒေသနဲ့ တစ်ကမ္ဘာလုံးမှာပါ လူသိများတဲ့ နိုင်ငံရေးသမား တစ်ဦးအနေနဲ့ ရပ်တည်ခဲ့ပါတယ်။
မူဂျီကာဟာ သမ္မတ ဖြစ်လာချိန်မှာ ခြိုးခြံချွေတာရေး လမ်းစဉ်ကို ကိုယ်တိုင် ထိထိရောက်ရောက် ကျင့်သုံးပြခဲ့ပါတယ်။ နိုင်ငံရဲ့ စီးပွားရေး တိုးတက်နှုန်းဟာ ပျမ်းမျှ တစ်နှစ်ကို ၅.၄ ရာခိုင်နှုန်းလောက် ရှိခဲ့ပြီး ဆင်းရဲမွဲတေမှုနဲ့ အလုပ်အကိုင် ရှားပါးမှု ပြဿနာတွေကို လျှော့ချနိုင်ခဲ့ပါတယ်။
သူ့ရဲ့ သမ္မတ သက်တမ်းအတွင်း မူဂျီကာဟာ သမ္မတအိမ်တော်ကို ပြောင်းရွှေ့နေထိုင်ဖို့ ငြင်းဆိုခဲ့ပြီး ဇနီးဖြစ်သူ နိုင်ငံရေးသမား၊ ပြောက်ကျားရဲမေဟောင်း လူစီယာ တိုပိုလန်စကီးနဲ့အတူ မွန်တီဗီဒီယို မြို့ပြင်က တော်ရိရော်ရိ နေအိမ်လေးမှာပဲ ဆက်လက် နေထိုင်ခဲ့ပါတယ်။ ပြီးတော့ လုံခြုံရေး အစီအမံတွေကိုလည်း အနည်းအကျဉ်းသာ ထားရှိစေခဲ့ပါတယ်။
နောက်ပြီး သူဟာ အဝတ်အစားကို သက်တောင့်သက်သာနဲ့ စျေးမကြီးတာတွေကိုပဲ ဝတ်ဆင်ခဲ့ပြီး မြို့ထဲမှာ သူ့ကိုယ်ပိုင် ၁၉၈၇ မော်ဒယ် Volkswagen Beetle ကားအပြာလေးနဲ့ ဟိုဟိုဒီဒီ သွားလာနေတာကို မကြာခဏ တွေ့ရလေ့ ရှိပါတယ်။ ဒါကြောင့်လည်း မီဒီယာတချို့က သူ့ကို ကမ္ဘာ့အဆင်းရဲဆုံး သမ္မတလို့ စတင် တင်စား ရေးသားလာခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ မူဂျီကာကတော့ သူကတော့ အဲဒီ ညွှန်းဆိုမှုကို သဘောမတူပါဘူး။ တကယ်ဆင်းရဲတဲ့ သူတွေဟာ လိုဘကို အတောမသတ်နိုင်ဘဲ ထပ်ထပ်လိုချင်နေသူတွေသာ ဖြစ်ကြောင်း၊ အဲဒီအတွက် သူတို့ရဲ့ ဆန္ဒတွေဟာ အဆုံးလည်း မရှိနိုင်ကြောင်း မူဂျီကာက အင်တာဗျူး တစ်ခုမှာ ပြောခဲ့ဖူးပါတယ်။
တစ်ဖက်မှာလည်း သူ့အစိုးရ လက်ထက်မှာ အသုံးစရိတ်တချို့ မြင့်တက်ခဲ့ပြီး ကုန်သွယ်ရေး လိုငွေပြမှုလည်း ပိုကြီးမားလာခဲ့တာကြောင့် အတိုက်အခံတွေက သူ့ကို ငွေကြေး အလဟဿ ပြုန်းတီးစေတယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။ နောက်ပြီး ပညာရေး ကဏ္ဍမှာ ပြုပြင်ပြောင်းလဲရေးတွေ ထိထိရောက်ရောက် လုပ်ဆောင်မယ်ဆိုတဲ့ ရွေးကောက်ပွဲ ကတိကို မတည်နိုင်ခဲ့ဘူးဆိုတဲ့ ဝေဖန်မှုတွေကိုလည်း ကြုံခဲ့ရပါတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မူဂျီကာဟာ သက်တမ်း ၅ နှစ် တာဝန်ယူပြီးတဲ့နောက် သမ္မတ ရာထူးကနေ နုတ်ထွက်ပြီး အထက်လွှတ်တော် အမတ်အဖြစ် ဆက်လက် တာဝန်ယူခဲ့ပါတယ်။ သမ္မတ တာဝန်ကနေ သူအနားယူခဲ့တဲ့ အချိန်တုန်းက မူဂျီကာကို လူထုထောက်ခံမှုက ၇၀ ရာခိုင်နှုန်းနီးပါး ဆက်ပြီး ရှိနေဆဲပါ။ ၂၀၂၀ ပြည့်နှစ်မှာတော့ သူဟာ နိုင်ငံရေးကနေ အပြီးတိုင် အနားယူပြီး ကမ္ဘာအနှံ့ကို ရိုးရိုးကုတ်ကုတ် လှည့်ပတ်သွားလာရင်း ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄ မှာတော့ မူဂျီကာက သူ့မှာ ကင်ဆာရောဂါ စွဲကပ်နေကြောင်း ကြေညာခဲ့ပြီး အသက်အရွယ်အရ နာလန်ပြန်ထူဖို့ မျှော်လင့်စရာ မရှိကြောင်း ပြည်သူတွေကို အသိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘဝရဲ့ နောက်ဆုံးရလဒ်ကို ပုံကြီးချဲ့မနေဘဲ လက်ခံဖို့ သူအမြဲတမ်း ပြင်ဆင်ထားကြောင်းလည်း မူဂျီကာက ပြောကြားခဲ့ပါတယ်။
ကိုးကား: BBC
