မသီတာ-စမ်းချောင်းရေးသားသည်။
လတ်တလော ဖြစ်တဲ့ အမေရိက-တရုတ် ကုန်
သွယ်ခွန်စစ်ကာလအတွင်း အမေရိက ဒု-သမတက တရုတ်တွေဟာ ‘လယ်သမားတွေ’လို့ ဆိုပြီး အဆင့်မရှိသူတွေလို့ ပုတ်ခတ်ခဲ့ပါတယ်။ ဒါကို တရုတ်ဘက်က တုံ့ပြန်တော့ “လယ်သမားတွေ ဖြစ်တာကို ဂုဏ်တောင် ယူကြောင်း၊ အနှစ် ငါးထောင်လောက် ကြာရှည်တဲ့ လူ့ယဉ်ကျေးလူ့အဖွဲ့အစည်း civilization ဖြစ်ကြောင်း”တွေထည့်ပြောလာပါတယ်။
တကယ်လည်း ကိုယ်ပိုင်ယဉ်ကျေးမှု၊ အနုပညာ၊ ထုံးတမ်းစဉ်လာ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးလုပ်ထုံးလုပ်နည်းတွေနဲ့ ခေတ်သမိုင်းအဆက်ဆက်ကိုဖြတ်သန်းခဲ့တာ တရုတ်လူ့အဖွဲ့အစည်းပါပဲ။ အမေရိကတိုက်မှာလူတွေစတင်နေထိုင်ခဲ့တဲ့ အထောက်အထားအရ နှစ်ပေါင်းသောင်းချီ ရှိခဲ့ပေမဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု၊ အနုပညာ၊ ထုံးတမ်းစဉ်လာ၊ကိုယ်ပိုင်အုပ်ချုပ်ရေးလုပ်ထုံးလုပ်နည်းတွေနဲ့ ရပ်တည်တဲ့ မြို့ပြနိုင်ငံသမိုင်းကတော့ နှစ် ၂၅၀ သာ ရှိနေတာဟာ အမေရိကလူ့အဖွဲ့အစည်း ဖြစ်ပါတယ်။

Public Service Announcement
ဒါကြောင့် နိုင်ငံတွေရဲ့ ပါဝါကို နယ်နမိတ်အကျယ်အဝန်း၊ လူအင်အား၊ စစ်လက်နက်ကိရိယာအပါအဝင် ရုပ်ဝတ္ထုတွေနဲ့ တိုင်းတာကြသလို နိုင်ငံခြား ရေးဩဇာ တည်ဆောက်နိုင်စွမ်းနဲ့ တိုင်းတာကြတာလည်း ရှိပါတယ်။ အဲဒါတွေအပြင် လူ့အဖွဲ့အစည်းတစ်ခုရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု၊ အနုပညာ၊ ထုံးတမ်းစဉ်လာလို ဘဝဒဿနအမြင်လို အရာမျိုးတွေနဲ့လည်း တိုင်းတာကြပါတယ်။ (လတ်တလောမှာ နက္ခတ်ပညာရှင်တွေက ကလိယုဂခေတ်ဟာ ၂၀၂၅ မှာ ကုန်ဆုံးသွားပြီး ခေတ်ဆိုးတွေ၊ အကျဘက်ကို သွားတဲ့ခေတ်တွေဟာ ရပ်သွားတော့မယ်။ ၂၀၂၆ ခုနှစ်က စပြီး ခေတ်ကောင်းဘက်ကို ပြန်တက်တော့မယ်လို့ ပြောကြဟောကြတဲ့အခါ လူတွေရဲ့ အတွေးအခေါ် အပြောင်းအလဲကြီးနဲ့ တွေ့ရလိမ့်မယ်လို့ ပြောကြတာ များပါတယ်။ အေအိုင်လို ဉာဏ်ရည်တုရဲ့ စိန်ခေါ်မှုကို ခံလာရတာတွေ ရှိပေမဲ့ စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာ အတွေးအမြင်သစ်တွေကို လူတွေက ဆာလောင်မွတ်သိပ်လာတဲ့အခါ အိန္ဒိယက ဦးဆောင်ခွင့်ရလာမယ်လို့ အိန္ဒိယက နက္ခတ်သမားတွေက ပြောနေကြပါတယ်။ အိန္ဒိယဟာလည်း အင်မတန် အားကောင်းတဲ့ လူ့ယဉ်ကျေးလူ့အဖွဲ့အစည်း ဖြစ်တာကိုး။)
ဒါတွေကို ကြည့်ရင် လူ့အဖွဲ့အစည်းတစ်ခုမှာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ အနုပညာ၊ ထုံးတမ်းစဉ်လာ၊ ဘဝဒဿနအမြင်တွေ ရှိဖို့က သိပ်အရေးကြီးတယ်လို့ မြင်ရမှာပါ။ နိုင်ငံတွေမှာ အစိုးရတွေအဆက်ဆက် ပြောင်းသလို နိုင်ငံရေးမူဝါဒတွေကလည်း ခေတ်အဆက်ဆက် အမျိုးမျိုး ရှိကြတာထုံးစံပါ။ဒါပေမဲ့ နယ်နမိတ်တစ်ခုအတွင်းက လူ့ယဉ်ကျေးလူ့အဖွဲ့အစည်းသဘောကို တည်ဆောက်တာကတော့ အစိုးရတွေ၊ နိုင်ငံရေးမူဝါဒတွေသက်သက် မဟုတ်ပါဘူး။ လူထုကြီးတရပ်လုံး ဖြစ်ပါတယ်။ အနှစ် ငါးထောင်လောက် ကြာအောင် ရပ်တည်ရှင်သန်ကြရဖို့ဆိုတာဟာအရိုင်းအစိုင်း ဪပရမ်းပတာ နေထိုင်ကျင့်ကြံမှုတွေထက်ယဉ်ကျေးပြီးတိုးတက်မြင့်မားလာအောင်အားထုတ်လိုတဲ့လူထု ရဲ့ အခန်းကဏ္ဍဟာ သိပ်အရေးကြီးပါတယ်။
တရုတ်ရဲ့ နမူနာကို ပြန်ကြည့်ရင် တခေတ်တခါက မြို့ပြအုပ်ချုပ်ရေးအတွက် မင်းမှုထမ်းစာမေးပွဲ လုပ်ပြီး စနစ်တကျ အုပ်ချုပ်စီမံတဲ့ အင်မတန်အားကောင်းတဲ့ လူ့ယဉ်ကျေးလူ့အဖွဲ့အစည်းအဖြစ်ကနေ ကမ္ဘာက အထင်သေးရတဲ့ လူ့အဖွဲ့အစည်းအဖြစ် ရောက်ခဲ့ရတာဟာ ဘာကြောင့်ပါလဲ။ ခေတ်ကာလတစ်ခုအတွင်း တရုတ်တွေဟာ ဆင်းရဲမွဲတေပြီး မယဉ်ကျေးတဲ့ တောင်သူလယ်သမားအဆင့်ပဲလို့ မြင်ခံရတာဟာ ဘာကြောင့်ပါလဲ။ ဒါကတော့ တရုတ်ရဲ့ နိုင်ငံရေးထုံးဓလေ့တစ်ခုကြောင့်လို့ ဆိုရပါမယ်။
‘ယဉ်ကျေးမှုတော်လှန်ရေး’ ခေါင်းစဉ်အောက်ကနေ အာရှရဲ့ အစဉ်အလာ စံတန်ဘိုးဖြစ်တဲ့ မိသားစုအပေါ် အလေးအနက် ထားမှုကို ဖျက်ဆီးပြီး ပါတီကို (တပ်နီတော်ကို) မိဘသားချင်းထက် သစ္စာရှိရမယ်ဆိုတဲ့ နိုင်ငံရေးထုံးဓလေ့ပေါ့။ ဒီဓလေ့ကို ‘ဖြုတ်-ထုတ်-သတ်’ လမ်းစဉ်က ချမှတ်ပေးခဲ့တာပေါ့။နောက်ပိုင်းတံခါးဖွင့်စီးပွါးရေးအခင်းအကျင်းကို မစနိုင်သေးချိန်မှာလူဦးရေပေါက်ကွဲမှု နဲ့ ဆင်းရဲမွဲတေမှုတွေကို တန်ပြန်ဖို့အတွက် တစ်မိသားစုမှာ ကလေးတစ်ယောက်နှုန်းသာ မွေးရမယ်ဆိုတဲ့ မူဝါဒကို ချမှတ်ခဲ့ပြန်ပါတယ်။ ဒီမူဝါဒနဲ့ တရုတ်အစဉ်အလာအရ ယောကျာ်းလေးကိုသာ ဦးစား
ပေးတဲ့ ဓလေ့တို့ ရောယှက်သွားတဲ့အခါ ဒီကနေ့ တရုတ်မှာ တကိုယ်ကောင်းဆန်တဲ့မျိုးဆက်နဲ့အတူ မျိုးဆက်ပွါးပြဿနာအကြောင်းပြုပြီး လိင်ကျွန်ပြုမှုတွေ ပေါ်ပေါက်လာရပြန်ပါတယ်။ ဒီလိုအကြောင်းတွေအပါအဝင် အခြားလူ့ရပိုင်ခွင့်ဆိုင်ရာ ချိုးဖောက်မှုမြောက်မြားစွာတွေကြောင့် တရုတ်ကို အဆင့်နိမ့်တယ်လို့ ရှုမြင်ကြတာပါ။
တကယ်တော့ တရုတ်မှာလည်း လူထုရဲ့ အတွေး၊ အပြော၊ အကျင့်တွေဟာ ယဉ်ကျေးမှုတော်လှန်ရေးခေတ်ကအတိုင်း မကျန်ခဲ့တော့ပါဘူး။ အထူးသဖြင့် ၂၀၀၈ အိုလံပစ်ကို လက်ခံကျင်းပဖို့ ပြင်ဆင်တဲ့အခါ လူထုရဲ့ အပြုအမူနဲ့ အပြောအဆိုတွေကို ပြုပြင်ဖို့ စီစီပီအစိုးရကိုယ်တိုင်က အားထုတ်ခဲ့ပါတယ်။စီးပွါးရေးအဆင်ပြေလာတာနဲ့အမျှ အရာရာကို သည်းကြီးမည်းကြီး မနေမနား အားထုတ်တတ်တဲ့ တရုတ်လူထုဟာ လူ့ဂုဏ်သိက္ခာဆိုင်ရာ အတွေးအမြင်တွေကိုလည်း ပိုပြီးအားထုတ်လာပုံ ရပါတယ်။ ၂၀၂၀ ကိုဗစ်မှာအိမ်တွင်းအောင်း ပိတ်မိချိန် ရခဲ့တဲ့ သံဝေဂနဲ့ သင်ခန်းစာတွေကလည်း ကိုဗစ်အလွန် တရုတ်လူထုကို အတိတ်ကနဲ့ မတူအောင် ပြုမူတွေးကြံပြောဆိုစေတယ်လို့ ယူဆရပါတယ်။ (လတ်တလောမှာ ရှီကျင့်ဖင်နဲ့ ပီအယ်လ်အေစစ်ဗိုလ်ချုပ်တွေကြား အာဏာရုန်းကန်မှုတွေ ရှိနေတယ်လို့ ပြောနေကြပါတယ်။ အထူးသဖြင့် ပီအယ်လ်အေစစ်ဗိုလ်ချုပ်တချို့ အဖမ်းခံနေရသလို ကြိတ်ဝိုင်းအစုအဖွဲ့လေးတွေ လှုပ်ရှားနေကြတယ်လို့လည်း ဆိုပါတယ်။ လူထုကလည်း အရင်ကထက် ကမ္ဘာဆန်တဲ့ အသိတွေ ရှိနေကြချိန်မို့ လာမယ့်နွေရာသီမှာ တရုတ်အပြောင်းအလဲ ရှိလာနိုင်တယ်လို့ ပြောနေကြတာလည်း ရှိပါတယ်။)
မြန်မာ့လူ့အဖွဲ့အစည်းကိုလည်း ပြန်ကြည့်ရင် နိုင်ငံရေးဓလေ့ဟာ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုကြီး မပေါ်ပေါက်ခင်အထိ ‘ဖြုတ်-ထုတ်-သတ်’ နဲ့ ‘ရန်-ငါ ပြတ်’ဆိုတဲ့ဓလေ့ကကြီးစိုးခဲ့တယ်လို့ဆိုရပါမယ်။ ပါလီမန်ဒီမိုကရေစီကာလအတွင်းပါတီအချင်းချင်းကြား နိုင်ငံရေးအားပြိုင်မှုတွေမှာဒီမိုကရေစီသဘောအရကာလတစ်ခုသက်တမ်းတစ်ခုအတွင်းသည်းခံပြီးစောင့်ကြည့်သွားမယ်၊ အပြုသဘောဆောင်တဲ့ သုံးသပ်မှုတွေနဲ့ ပိုပြီးရင့်ကျက်တည်ငြိမ်ကာ တဖြည်းဖြည်း တိုးတက်သွားအောင် လုပ်ကြမယ်လို့ လူထုကပါ မတွေးခဲ့ကြသလိုပါပဲ။
အငြင်းပွါးမှုတွေကို စကားလုံးတွေ၊ မဲပြားတွေနဲ့ ဖြေရှင်းဖို့ထက် လက်နက်နဲ့ ကျည်ဆံနဲ့ ဖြေရှင်းဖို့ကို ရွေးချယ်ခဲ့ကြတဲ့ လူထုဟာ ဆိုရှယ်လစ်အမည်ခံစစ်တပ်ကြီးစိုးအုပ်ချုပ်ရေးအောက်မှာရော၊ အတိုက်အခံကြီးဖြစ်တဲ့ ဗကပအောက်မှာပါ ‘ဖြုတ်-ထုတ်-သတ်’ ၊ ‘ရန်-ငါ ပြတ်’တွေနဲ့ တိုးခဲ့ကြရပါတယ်။ (၂၀၂၁ ဖြစ်စဉ်မှာတော့ မဲပြားက ပေးတဲ့အဖြေကို ပယ်ချပြီး လက်နက်နဲ့ ကျည်ဆံနဲ့ ဖြေရှင်းဖို့ကို ရွေးချယ်ခဲ့သူဟာ စစ်တပ်ပါ) အဲဒါတွေဟာမြန်မာ့နိုင်ငံရေးဓလေ့လို့ဆိုရမတတ်အဲဒီဓလေ့ဟာ အားကောင်းခဲ့တာပါ။
ဒါပေမဲ့ လူ့ယဉ်ကျေးလူ့အဖွဲ့အစည်းအဖြစ် ဆက်လက်ရပ်တည်ရှင်သန်နိုင်အောင် ကြိုးစားအားထုတ်မှုတွေလည်း ရှိခဲ့တာ အမှန်ပါပဲ။အထူးသဖြင့်စာပေအနုပညာဟာ ဖျော်ဖြေရေးအနုပညာနယ်ပယ်လို အာဏာရှင့်အလိုကျ အသွင်မပြောင်းဘဲ စစ်မှန်တဲ့ စာပေအနုပညာတွေကို ဖန်တီးနိုင်ခဲ့ကြပါတယ်။အတိုက်အခံအလိုကျ ဖန်တီးမှုတွေလည်းသိပ်ရှိခဲ့တာပေါ့။ ဒါကြောင့် ၁၉၈၈ လှုပ်ရှားမှုနောက်ပိုင်းမှာ စစ်အစိုးရတွေဟာ စာပေအနုပညာသမားတွေကို အငြှိုးတကြီး ရန်ရှာခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ၁၉၈၈ နောက်ပိုင်းမှာ ဒီမိုကရေစီသဘောတရားတွေကို ပိုပြီးလေ့လာကြ သိမြင်လာကြရာက နိုင်ငံရေးဓလေ့ဟာ ပြောင်းလဲစပြုလာခဲ့ရပါတယ်။ ဒါပေမဲ့ အင်နားရှားသဘောအရရော တချို့တွေရဲ့ (တရုတ်က စီစီပီလို) ပါတီချစ်စိတ်အရပါ နိုင်ငံရေးဓလေ့ဟောင်းကို အခြေခံတဲ့ စံပေတံတွေဟာ ဆက်လက်အဓွန့်ရှည်နေသေးတာကိုလည်း တွေ့ကြရပါတယ်။
၂၀၂၁နောက်ပိုင်းတနိုင်ငံလုံးအတိုင်းအတာနဲ့တော်လှန်ရေး လုပ်ကြတာမှာ အတွေးအခေါ်တော်လှန်ရေးကိုပါ ထည့်သွင်းလုပ်ဆောင်ကြတယ်လို့ ဆိုပါတယ်။ ဒါကတော့ အမျိုးသမီးအရေးအပါအဝင် တခြားယဉ်ကျေးမှုဆိုင်ရာ အတွေးအခေါ်ဟောင်းတွေကိုတွန်းလှန်တဲ့ လှုပ်ရှားမှုတွေပေါ့။စစ်အာဏာရှင်စနစ် ဖြုတ်ချခြင်းလို တိုက်ရိုက်မဟုတ်တဲ့ အတွေးအခေါ်တော်လှန်တာမျိုးကိုပါ နိုင်ငံရေးလှုပ်ရှားမှုတွေအဖြစ် လုပ်ဆောင်ကြပါတယ်။
ဘယ်လိုနိုင်ငံရေးဓလေ့တွေနဲ့ လုပ်ကြသလဲဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဆိုရှယ်မီဒီယာခေတ်မို့ ဒေါသတွေကို စကားလုံးတွေအဖြစ် ဈေးအိမ်သာနံရံပေါ်မှာ အန်ချသလို အန်ချကြတဲ့အတွက် လေ့လာရသလောက် လက်ရှိနိုင်ငံရေးဓလေ့ဟာနွေဦးတော်လှန်ရေးရဲ့ပန်းတိုင်ဖြစ်တဲ့ ‘ဖက်ဒရယ်ဒီမိုကရေစီ’နဲ့ ကိုက်ညီနေရဲ့လားဆိုတာ မေးချင်စရာပါ။
တရုတ်စာရေးဆရာ ရှုကျူယွန်က ကျင့်ဝတ်မဲ့စီးပွါးရေးကုမ္ပဏီတွေနဲ့ အဲဒါတွေကိုလက်ခံလုပ်ခွင့်ပေးတဲ့ နိုင်ငံရေးစနစ်ဟာလူထုရဲ့ “အခြေခံအကျဆုံးဆင်ခြင်တုံတရားအဆင့်တွေကိုလည်း ဖျက်ဆီးလိုက်ကြပါတယ်”လို့ ဆိုပါတယ်။
မြန်မာမှာတံခါးဖွင့်စီးပွါးရေးခေါင်းစဉ်အောက်ကနေ စစ်တပ်လိုပြည်သူ့အင်စတီကျူးရှင်းဖြစ်ရမယ့်အစုအဖွဲ့ကကိုယ်ပိုင်စီးပွါးရေးကို ကျင့်ဝတ်မဲ့လုပ်နေတာနှစ်ပေါင်းများစွာကြာပါပြီ။သူကလက်ကမ်းခေါ်ကာ လာလုပ်နေတဲ့ တရုတ်စီးပွါးရေးကုမ္ပဏီတွေကလည်း တနိုင်ငံလုံးအနှံ့မှိုလိုပေါက်နေပါပြီ။ မြန်မာလူထုရဲ့ ဆင်ခြင်တုံတရားကိုဖျက်ဆီးခံခဲ့ရပြီး ဟုတ်-မဟုတ်က မေး-ဖြေနေစရာတောင် မလိုတော့သလိုပါပဲ။
“ဖက်ဒရယ်ဒီမိုကရေစီ”ပန်းတိုင်အတွက် နိုင်ငံရေးဓလေ့ဟာဟိုဘက်ခေတ်က ဖြုတ်-ထုတ်-သတ် နိုင်ငံရေးဓလေ့အတိုင်း ဖြစ်နေလို့ မရတာကတော့ သေချာပါတယ်။တရားမျှတမှုကိုလိုချင်တယ်ပြောသလို ရန်-ငါ ပြတ်ရမယ်လည်း ပြောကြတာဟာ ဘယ်လမ်းကို ခြေချရမလဲ မသဲကွဲလို့ လမ်းခွမှာ ရပ်နေသလို ဖြစ်နေတာမျိုးပေါ့။ တရားမျှတမှုဆိုရာမှာ ရန်၊ ငါရယ်လို့ ဘက်အခြေခံနဲ့ ဆုံးဖြတ်လို့
မရနိုင်ပါ။ ပန်းတိုင်လိုပဲ ပန်းတိုင်သွားရာလမ်းတလျှောက် အသုံးပြုတဲ့ နည်းလမ်းခြေလှမ်းတွေဟာလည်း အရေးကြီးလှပါတယ်။ မြန်မာ့လူထုအနေနဲ့ ဘယ်လိုနိုင်ငံရေးဓလေ့အသစ်ကို ကျင့်သုံးတော့မှ နိုင်ငံကသေးပေမဲ့လူ့ယဉ်ကျေးလူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ ကမ္ဘာမှာ ဆက်လက်ရပ်တည်ရှင်သန်နိုင်ဖို့ ဖြစ်နိုင်မယ်ဆိုတာကိုတော့အလေးအနက် စဉ်းစားကြဖို့ လိုနေပါပြီ။ ။
