ဗြိတိန် ဝန်ကြီးချုပ်ရဲ့ နေအိမ်ကို မီးရှို့ခဲ့ကြောင်း သံသယရှိသူ တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားလိုက်ပါတယ်။
အသက် ၂၁ နှစ် အရွယ်ရှိပြီး နာမည် မကြေညာသေးတဲ့ အမျိုးသား တစ်ဦးကို ချုပ်နှောင်ထားကြောင်း ဗြိတိန် ရဲတပ်ဖွဲ့က ပြောပါတယ်။
မေလ ၁၂ ရက်နေ့ အရုဏ်မတက်ခင် မနက်အစောပိုင်းတုန်းက လန်ဒန်မြို့တော် မြောက်ပိုင်း၊ ကန်တစ်ရှ်မြို့မှာရှိတဲ့ ဝန်ကြီးချုပ် ဆာကီရာ စတာမာရဲ့ ကိုယ်ပိုင် နေအိမ် မီးလောင်မှု ဖြစ်ပွားခဲ့တဲ့နောက် အခုလို သံသယရှိသူ တစ်ဦးကို ရဲတွေက ဖမ်းဆီးခဲ့တာပါ။
အဲဒီ မတိုင်ခင် တစ်ရက်ကလည်း အစ္စလင်တန်မှာ တိုက်အိမ်တစ်လုံးရဲ့ အိမ်ရှေ့တံခါးမှာ အသေးစား မီးလောင်မှု ဖြစ်ခဲ့ပါတယ်။ အဲဒီ အဆောက်အအုံကလည်း ဝန်ကြီးချုပ်နဲ့ ဆက်စပ်မှု ရှိတယ်လို့ သိရပါတယ်။

Public Service Announcement
ရဲတွေဟာ ကားမီးလောင်မှု တစ်ခုကိုလည်း လက်ရှိ ဖြစ်ရပ်တွေနဲ့ ဆက်နွှယ်မှု ရှိသလား ဆိုတာကို စုံစမ်းနေပါတယ်။ မီးလောင်မှုတွေ အတောအတွင်း ထိခိုက်ဒဏ်ရာရသူတွေတော့ မရှိခဲ့ဘူးလို့ ရဲတွေက ဆိုပါတယ်။ ဝန်ကြီးချုပ် စတာမာဟာ လက်ရှိမှာတော့ လန်ဒန်မြို့၊ ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ် အိမ်တော်မှာပဲ ရုံးထိုင်နေတာ ဖြစ်ပါတယ်။
လက်ရှိ စုံစမ်းမှုတွေကို ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး အရာရှိတွေက အဓိက တာဝန်ယူထားပါတယ်။ မီးလောင်မှုတွေကြားက ဆက်စပ်မှုနဲ့ နောက်ကွယ်က စေ့ဆော်မှုတွေကို အဓိက ဖော်ထုတ်နိုင်ဖို့ ရဲတွေက ကြိုးစားနေတာလို့ ဆိုပါတယ်။ ပထမဆုံး သံသယဖြစ်ဖွယ် မီးလောင်မှုဟာ မေလ ၈ ရက်နေ့တုန်းက ကန်တစ်ရှ်မြို့ရဲ့ လမ်းတစ်လမ်းမှာ ဖြစ်ပွားခဲ့တဲ့ ကားမီးလောင်မှုလို့ သိရပါတယ်။
ဝန်ကြီးချုပ် စတာမာက ကန်တစ်ရှ်နဲ့ အစ္စလင်တန်က အိမ်တွေ မီးလောင်မှုမှာ အမြန်ဆုံး ထိထိရောက်ရောက် တုံ့ပြန်ခဲ့ကြတဲ့ မီးသတ်နဲ့ အရေးပေါ်ဌာန ဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း မေလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူ၊ တာဝန်ရှိသူတွေက ကိုင်တွယ် စုံစမ်းနေကြပြီး သူ့အနေနဲ့ သီးခြား မှတ်ချက်ပေးစရာ မရှိဘူးလို့ ဝန်ကြီးချုပ်က ပြောကြားထားပါတယ်။
ကိုးကား: BBC
