ရုရှားနဲ့ ယူကရိန်းတို့ တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်ကို တက်ရောက်ဖို့ စဉ်းစားနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။
ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၅ ရက်ကျရင် တူရကီမှာ ရုရှားနဲ့ ယူကရိန်းတို့ကြား တိုက်ရိုက် ဆွေးနွေးဖို့ စတင် အဆိုပြုခဲ့ပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း တခြားအဆင့် အရာရှိတွေအစား သူနဲ့ပူတင် မျက်နှာချင်းဆိုင် စကားပြောလိုကြောင်း တောင်းဆိုခဲ့ပါတယ်။
အမေရိကန်ဟာ ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲ ရပ်ဆိုင်းရေးအတွက် ဝင်ရောက် ညှိနှိုင်းပေးနေပြီး အပစ်အခတ် ရပ်စဲရေးကို လက်ခံဖို့ နှစ်နိုင်ငံစလုံးကို ဖိအားပေးနေပါတယ်။ ထရမ့်ဟာ မေလ ၁၃ ရက်နေ့မှာ အရှေ့အလယ်ပိုင်း ခရီးစဉ်အဖြစ် ဆော်ဒီအာရေးဘီးယားကို ရောက်ရှိနေပြီး အဲဒီကနေတဆင့် တူရကီမှာ ရုရှား-ယူကရိန်း ဆွေးနွေးပွဲကို တက်ရောက်ဖို့ ဖြစ်ကောင်း ဖြစ်လာနိုင်ကြောင်း ဆိုပါတယ်။
တူရကီဆီ သူသွားရောက်ဖြစ်မယ်ဆိုရင် အထောက်အကူ တစ်ခုခု ရစေမယ်လို့ ထင်ကြောင်း၊ နောက်ပြီး တူရကီမှာ ရုရှားနဲ့ ယူကရိန်း ဆွေးနွေးကြတဲ့အခါ ရလဒ်ကောင်း တစ်ခုတော့ ရလိမ့်မယ်လို့ ခန့်မှန်းကြောင်း ထရမ့်က ပြောကြားခဲ့ပါတယ်။

Public Service Announcement
ဒါပေမဲ့ သူက မေလ ၁၅ ရက်ကျရင် တူရကီမှာ သေချာပေါက် ရှိနေမယ်လို့တော့ အာမ မခံခဲ့ပါဘူး။ သူက အစည်းအဝေး တက်စရာတွေ ဆက်တိုက် ရှိနေကြောင်း၊ တစ်ဖက်မှာလည်း တူရကီကို အချိန်ရရင် သွားရောက်ဖို့ စဉ်းစားထားကြောင်း၊ ဒါက ဖြစ်နိုင်ခြေရှိတဲ့ ကိစ္စတစ်ခုလို့ပဲ လောလောဆယ် သူယူဆထားကြောင်း ထရမ့်က မှတ်ချက်ပေးသွားပါတယ်။
ဇီလန်စကီးကတော့ တကယ်လို့သာ ထရမ့်ကိုယ်တိုင် တူရကီက ဆွေးနွေးပွဲကို တက်ရောက်ဖြစ်မယ်ဆိုရင် ယူကရိန်းက ကျေးဇူးတင် အသိအမှတ် ပြုမိမယ်လို့ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ နှစ်နိုင်ငံ ဆွေးနွေးမှုတွေမှာ သမ္မတ ထရမ့်က ကိုယ်တိုင်ကိုယ်ကျ အပြည့်အဝ အားပေး ထောက်ခံတယ်ဆိုတဲ့ အခြေအနေမျိုးဟာ သိပ်အရေးကြီးကြောင်း၊ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် ထရမ့်က တူရကီကို လာရောက်တာမျိုးကို ယူကရိန်း အနေနဲ့ လိုလားကြောင်း ဇီလန်စကီးက ဆိုပါတယ်။
ရုရှားဖက်ကတော့ တူရကီ ဆွေးနွေးပွဲကို ပူတင်ကိုယ်တိုင် တက်ရောက်မလား၊ တခြားအဆင့် အရာရှိတွေ စေလွှတ်မလား ဆိုတာကို လက်ရှိ အချိန်ထိ အတည်မပြုသေးပါဘူး။ ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိကတော့ ပူတင်ဟာ စေ့စပ်ဆွေးနွေးမှု လမ်းကြောင်းကနေ ငြိမ်းချမ်းရေးကို ရရှိဖို့ အထူးတလည် အာသီသရှိကြောင်း ပြောပေမယ့် အဲဒီထက် အသေးစိတ် အချက်အလက်တွေကိုတော့ လတ်တလော ထုတ်ပြန်ဖို့ မဖြစ်နိုင်သေးကြောင်း မှတ်ချက်ပေးထားပါတယ်။
ကိုးကား: CNN
