close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော်လေယာဉ်အဖြစ် သုံးစွဲဖို့ ဇိမ်ခံလေယာဉ်တစ်စီး လက်လွှဲပေးရေး ကာတာ စီစဉ်နေ

အမေရိကန် သမ္မတ စီးတော်လေယာဉ် (Air Force One)အဖြစ် အသုံးပြုဖို့ ဇိမ်ခံ အသုံးအဆောင်တွေနဲ့ အဆင့်မြှင့်ထားတဲ့ jumbo jet လေယာဉ်တစ်စီး ကာတာဆီကနေ လက်ခံရယူဖို့ အိမ်ဖြူတော်က ဆွေးနွေးနေကြောင်း သိရပါတယ်။

Getty Images

အမေရိကန် သမ္မတ စီးတော်လေယာဉ် (Air Force One)အဖြစ် အသုံးပြုဖို့ ဇိမ်ခံ အသုံးအဆောင်တွေနဲ့ အဆင့်မြှင့်ထားတဲ့ jumbo jet လေယာဉ်တစ်စီး ကာတာဆီကနေ လက်ခံရယူဖို့ အိမ်ဖြူတော်က ဆွေးနွေးနေကြောင်း သိရပါတယ်။

ကာတာ အစိုးရက အမေရိကန်အတွက် ဇိမ်ခံလေယာဉ်ကြီးတစ်စီး လက်ဆောင်ပေးဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေကို ငြင်းဆိုပြီး သတ်မှတ် အချိန်ကာလ တစ်ခုစာ အသုံးပြုရေး အတွက်ပဲ နှစ်နိုင်ငံ ဆွေးနွေးနေတာလို့ ပြောပါတယ်။

CBS သတင်းဌာနကတော့ အဲဒီ လေယာဉ်ကို ထရမ့်ရဲ့ သမ္မတသက်တမ်း ကုန်ဆုံးသွားတဲ့ အချိန်ကျရင် ထရမ့်ထူထောင်ထားတဲ့ သမ္မတရေးရာ စာကြည့်တိုက်အတွက် လွှဲပြောင်း လှူဒါန်းဖို့ ညှိနှိုင်းထားကြောင်းလည်း ဖော်ပြခဲ့ပါတယ်။

သူ့ရဲ့ ဒုတိယ သမ္မတ သက်တမ်းအတွင်း အဓိက သံတမန်ရေး ပြည်ပ ခရီးစဉ် တစ်ခုအဖြစ် ကာတာကို အခုသီတင်းပတ်ထဲမှာ ထရမ့်က မသွားရောက်ခင် ဒီသတင်း ထွက်ပေါ်လာတာပါ။ အမေရိကန် နိုင်ငံဆိုင်ရာ ကာတာရဲ့ ပြန်ကြားရေး သံအရာရှိ အလီအယ်လ် အန်ဆာရီက လေယာဉ် လွှဲပြောင်းရေး ကိစ္စကို အမေရိကန်နဲ့ ကာတာ ကာကွယ်ရေး ဝန်ကြီးဌာနတွေကြား ဆွေးနွေးနေဆဲလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဥပဒေကြောင်းအရ ဖြစ်နိုင်ခြေတွေကိုလည်း နှစ်ဖက်စလုံးက နှီးနှော အဖြေရှာနေကြပြီး ဘာဆုံးဖြတ်ချက်ကိုမှ ခိုင်ခိုင်မာမာ မချမှတ်ရသေးဘူးလို့လည်း အန်ဆာရီက ဆိုပါတယ်။

CBSကတော့ လေယာဉ်ကို အမေရိကန်ဆီ လွှဲပေးခဲ့ပြီးရင်တောင် ချက်ချင်း အသုံးပြုဖြစ်မှာ မဟုတ်ဘဲ Air Force Oneတွေထဲက တစ်စီးအဖြစ် သင့်တော်အောင် ပြန်လည် မွမ်းမံတာတွေ၊ လုံခြုံရေး အရာရှိတွေရဲ့ အသေးစိတ် စစ်ဆေးမှုတွေကို အဆင့်ဆင့် ကျော်ဖြတ်ရဦးမယ်လို့ ဖော်ပြခဲ့ပါတယ်။

တစ်ဖက်မှာလည်း လေယာဉ်ကြီး တစ်စီးလုံးကို နိုင်ငံအချင်းချင်း လက်လွှဲပေးတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တရားဝင်မှုနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ မေးခွန်းတွေ မလွဲမသွေ ထွက်ပေါ်လာနိုင်တယ်လို့ လေ့လာသူတွေက ထောက်ပြထားပါတယ်။

အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ ကာရိုလိုင်း လီယာဗစ်ကတော့ နိုင်ငံခြား အစိုးရ တစ်ရပ်က ပေးအပ်တဲ့ လက်ဆောင် မှန်သမျှကို သင့်တော်တဲ့ ဥပဒေ စည်းမျဉ်းတွေနဲ့အညီ လက်ခံခွင့် ရှိကြောင်း၊ သမ္မတ ထရမ့်ရဲ့ အစိုးရဟာ ဒီကိစ္စမျိုးတွေမှာ ပွင့်လင်းမြင်သာမှု အပြည့်နဲ့ ဆောင်ရွက်စေမှာဖြစ်ကြောင်း မေလ ၁၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ကာတာဖက်က လေယာဉ်ကို လက်ဆောင်ပေးတာ မဟုတ်ဘူးလို့ ပြောထားပေမယ့် ထရမ့်ကတော့ Boeing 747 လေယာဉ် တစ်စီးကို သက်တမ်း နှစ် ၄၀ နီးပါး ရှိပြီဖြစ်တဲ့ Air Force One တစ်စီးအတွက် အခမဲ့ အစားထိုးနိုင်အောင် လက်ဆောင်ရခဲ့တာ ဖြစ်တယ်လို့ သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ Truthမှာ ရေးသားထားခဲ့ပါတယ်။

လေယာဉ်ကို လွှဲပြောင်း ရယူရာမှာ အရမ်းပွင့်လင်းမြင်သာပြီး လူထုကို အသိပေးခဲ့ကြောင်း၊ ဒီတော့ လေယာဉ်အတွက် ငွေအများကြီး ပေးခဲ့ရတယ်လို့ စွပ်စွဲချင်တဲ့ ဒီမိုကရက်တစ် ပါတီဝင်တွေ အတွက်တော့ အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်ကြမှာ သေချာကြောင်း ထရမ့်က ဆိုပါတယ်။ ဒီမိုကရက်တစ် ပါတီဟာ လက်ရှိမှာတော့ အတိုက်အခံ အင်အားစုအဖြစ် ရပ်တည်နေပါတယ်။

လက်ရှိ အမေရိကန်မှာ Air Force Oneအဖြစ် အလှည့်ကျ အသုံးပြုနေတဲ့ Boeing 747-200B နှစ်စီး ရှိပါတယ်။ အဲဒီ လေယာဉ်တွေကို ၁၉၉၀ နဲ့ ၁၉၉၁ ခုနှစ်တွေ ကတည်းက Air Force Oneတွေအဖြစ် စတင် သုံးစွဲနေခဲ့ပြီး သမ္မတ ရုံးထိုင်ဖို့ သင့်တော်တဲ့ အစီအမံတွေ ပြင်ဆင်ထားပြီး အထူး ဆက်သွယ်ရေးဆိုင်ရာ ကိရိယာတွေကိုလည်း တပ်ဆင်ထားပါတယ်။

အမေရိကန် အမျိုးသား မော်ကွန်းတိုက်ရဲ့ မှတ်တမ်းတွေအရ သမ္မတ ရော်နယ်လ်ရေဂင်ရဲ့ သမ္မတရေးရာ စာကြည့်တိုက်ဟာ Air Force One ဂျက်လေယာဉ် အဟောင်းတစ်စီး လှူဒါန်းမှုကို လက်ခံ ရရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

ကာတာက ထရမ့်အတွက် ပေးပို့မယ်ဆိုတဲ့ လေယာဉ်ကတော့ အများကြီး အဆင့်မြှင့်တင်ထားတဲ့ Boeing 747-8 အမျိုးအစားဖြစ်ပြီး မိုးပျံ ဇိမ်ခံနန်းတော်ကြီးလို့ တင်စားခံရတဲ့ လေယာဉ်မျိုး ဖြစ်ပါတယ်။

Boeingဟာ အမေရိကန်အတွက် Air Force One အသစ်တွေ တည်ဆောက်ပေးဖို့ စာချုပ် လက်ခံရရှိထားပေမယ့် မျှော်မှန်းထားတာထက် နောက်ကျနေကြောင်း ထရမ့်က အခုနှစ် အစောပိုင်းမှာ ဝေဖန်ထားဖူးပါတယ်။ ထရမ့်ဟာ ပထမ သမ္မတသက်တမ်း ကတည်းက အထူးမွမ်းမံ ပြင်ဆင်ထားတဲ့ Boeing 747-8 လေယာဉ်နှစ်စီးကို Air Force Oneတွေအဖြစ် မှာယူဖို့ Boeingနဲ့ ညှိနှိုင်းခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ်တွေဟာ ၂၀၂၇ နဲ့ ၂၀၂၈ တွေ မတိုင်ခင် တည်ဆောက်ပြီးစီးဖို့ မရှိဘူးလို့ အမေရိကန် လေကြောင်း နည်းပညာ ကုမ္ပဏီကြီးက ဝန်ခံထားပါတယ်။

ထရမ့်ဟာ ပထမ သမ္မတသက်တမ်း ၄ နှစ်တာအတွင်း ကာတာနဲ့ ရင်းနှီး နွေးထွေးတဲ့ ဆက်ဆံရေးမျိုး တည်ထောင်နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ကာတာဟာ အမေရိကန်ရဲ့ လေယာဉ် အမြောက်အမြားကို ဝယ်ယူခဲ့ပါတယ်။ ကာတာ အစိုးရဟာ ၂၀၁၈ တုန်းကလည်း ဇိမ်ခံ လေယာဉ် တစ်စီးကို တူရကီ အစိုးရဆီ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ဖူးပါတယ်။

ကိုးကား: CBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟိုသီ တပ်ဖွဲ့တွေက လက်မြှောက် အလျှော့ပေးသွားပြီ ဖြစ်တာကြောင့် အမေရိကန်ကလည်း တိုက်ခိုက်မှုတွေကို ရပ်တော့မယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

သူ့ရဲ့ နိုင်ငံဟာ ရောင်းကုန်မဟုတ်ကြောင်း ကနေဒါ ဝန်ကြီးချုပ်က အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ပြောကြားခဲ့ပါတယ်။ ဒါဟာ ကနေဒါကို အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ် ဖြစ်လာစေချင်တယ်ဆိုတဲ့ ထရမ့်ရဲ့ လူသိရှင်ကြား ပြောဆိုမှုနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် မတ်ခ်ကာနေးက သူ့သဘောထားကို တိုက်ရိုက်...

နိုင်ငံတကာ

တတိယ သမ္မတ သက်တမ်းအတွက် ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားနေတယ်ဆိုတာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ သူ့ရဲ့ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ မိုက်ခ်ဝေါ့ဇ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

Facebook