နှစ်နိုင်ငံကြား ကုန်သွယ်ရေး အငြင်းပွားမှုတွေကို လျှော့ချဖို့ ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ခြင်းဟာ တရုတ်-အမေရိကန် ဆက်ဆံရေးကို အသစ်ကနေ ပြန်စလိုက်နိုင်ခြင်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။
မေလ ၁၂ ရက်နေ့တုန်းက တရုတ်နဲ့ အမေရိကန်တို့ဟာ နှစ်ဖက် ကုန်သွယ်ရေး မူဝါဒတွေ တင်းတင်းမာမာ ပြိုင်ဆိုင်နေမှုကို လျှော့ချဖို့ ညှိနှိုင်း သဘောတူခဲ့ကြကြောင်း ပူးတွဲ ကြေညာခဲ့ပါတယ်။ အဲဒီ သဘောတူညီချက်တွေအရ အမေရိကန်ရော၊ တရုတ်ပါ သွင်းကုန်တွေအပေါ် အပြန်အလှန် အခွန်နှုန်းထားတွေ အလွန်အကျွံ စည်းကြပ်နေကြတာကို လျှော့ချဖို့၊ တချို့ ကုန်စည်တွေနဲ့ ပတ်သက်ပြီး ရက်ပေါင်း ၉၀ ဆိုင်းငံ့ထားဖို့ သဘောတူခဲ့ကြပါတယ်။ အဲဒီ ရက်ပေါင်း ၉၀ အတွင်း နှစ်နိုင်ငံ နောက်ဆက်တွဲ ဆွေးနွေးမှုတွေကို ဆက်လက် လုပ်ဆောင်နေမှာပါ။

ပြီးတော့ တရုတ်ဟာ အမေရိကန်ရဲ့ အခွန်တိုးမြှင့် စည်းကြပ်မှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်ဆီ မြေရှားသတ္တုတွေ တင်ပို့မှုကို ပိတ်ပင်ထားတဲ့ ဆုံးဖြတ်ချက်မျိုးကို ပြန်လည် ပယ်ဖျက်ပေးမှာပါ။ ကမ္ဘာပေါ်မှာ စီးပွားရေး အင်အား အတောင့်တင်းဆုံး နှစ်နိုင်ငံကြားမှာ ကုန်သွယ်ရေး စစ်ပွဲဆန်တဲ့ အားပြိုင်မှုတွေ မြင့်တက်လာတဲ့နောက် တင်းမာမှုတွေကို ဖြေလျှော့ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က နှစ်ဖက် ကိုယ်စားလှယ်တွေ ဆွစ်ဇာလန်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
သဘောတူညီချက်တွေအရ အမေရိကန်ဟာ တရုတ် သွင်းကုန်တွေကို ကုန်စည် တန်ဖိုးရဲ့ ၁၄၅ ရာခိုင်နှုန်းထိ မြှင့်တင် စည်းကြပ်ထားရာကနေ ၃၀ ရာခိုင်နှုန်းသာ စည်းကြပ်တော့မှာ ဖြစ်ပါတယ်။ တရုတ်ကလည်း တချို့သော အမေရိကန် ကုန်ပစ္စည်းတွေကို ၁၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်မှုကနေ ၁၀ ရာခိုင်နှုန်းသာ ထားရှိဖို့ သဘောတူခဲ့ပါတယ်။ တချို့ ကုန်စည်တွေရဲ့ အခွန်စည်းကြပ်မှု တန်ဖိုးနဲ့ ပတ်သက်လို့တော့ ရက် ၉၀ ဆိုင်းငံ့ကာလအတွင်း ဆက်ပြီး ဆွေးနွေးကြမှာပါ။

Public Service Announcement
တရုတ်နဲ့ အမေရိကန်ကြားက ကုန်သွယ်ရေး တင်းမာမှုတွေ ပြေလျော့သွားခြင်းဟာ ကမ္ဘာ့စီးပွားရေး ကဏ္ဍကြီး တစ်ခုလုံးအတွက် အသက်ရှူ ချောင်စရာ ဖြစ်ခဲ့ပြီး နိုင်ငံတကာ ရှယ်ယာစျေးနှုန်းတွေ တက်ရိပ်ပြန်ပြလာပါတယ်။
ဆွစ်ဇာလန်မှာ ညှိနှိုင်းရယူခဲ့တဲ့ သဘောတူညီမှုနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကတော့ အသီးသီး အောင်ပွဲရခဲ့တယ်လို့ သတ်မှတ်ထားပါတယ်။ တရုတ်က ထရမ့်ရဲ့ မတန်တဆ အခွန်သတ်မှတ်မှုတွေကို အောင်အောင်မြင်မြင် လျှော့ချနိုင်ခဲ့တယ်လို့ သဘောထားပြီး အမေရိကန်ဖက်ကတော့ တရုတ် သွင်းကုန်တွေအပေါ် အခွန် ၃၀ ရာခိုင်နှုန်း တိုးမြှင့် ကောက်ယူနိုင်တယ် ဆိုတာဟာ မနည်းလှတဲ့ ပမာဏလို့ လက်ခံထားပြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေး လိုငွေပြမှုကို သိသိသာသာ ကျဉ်းမြောင်းစေမယ်လို့ ယုံကြည်ထားပါတယ်။
အမေရိကန်ဟာ နိုင်ငံပိုင်နက်ထဲ ဖန်တနဲလ် မူးယစ်ဆေးဝါးတွေကို မှောင်ခို ဝင်ရောက်မှုကို တရုတ်က ထိထိရောက်ရောက် တားဆီး မပေးဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ် သွင်းကုန်တချို့အပေါ် အခွန် ၂၀ ရာခိုင်နှုန်း တိုးမြှင့် ကောက်ယူထားတဲ့ အရေးယူမှုကိုတော့ ဆက်လက် ထားရှိမယ်လို့ သိရပါတယ်။ အဲဒီ အခွန်စည်းကြပ်မှုကို ပယ်ဖျက်နိုင်အောင် တရုတ်ကလည်း ဖန်တနဲလ်တွေ အမေရိကန်ဆီ တင်ပို့နေတဲ့ မှောင်ခိုစျေးကွက်ကို ဖြိုခွင်းဖို့ သဘောတူခဲ့ကြောင်း ထရမ့်က ဆိုပါတယ်။
ထရမ့်က ဆက်လက်ပြီး သူ့ရဲ့ အစိုးရဟာ တရုတ်နဲ့ ဆက်ဆံရေးကို အလုံးစုံ အသစ်ပြန်စလိုက်နိုင်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ သဘောတူညီမှုတွေရဲ့ အကောင်းဆုံး အပိုင်းကတော့ အမေရိကန် စီးပွားရေး လုပ်ငန်းတွေကို တရုတ်ကိုယ်တိုင်က လိုလိုလားလား ဖိတ်ခေါ် ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့လည်း ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။ အရင်တုန်းက အမေရိကန်ဟာ တရုတ်ကို လမ်းဖွင့်ပေးထားပေမယ့် တရုတ်ကတော့ အမေရိကန်ကို တူညီတဲ့ တုံ့ပြန်မှု မရှိခဲ့ကြောင်း၊ ဒီအချက်ဟာ အဓိပ္ပါယ် မရှိသလို မမျှတဘူးလို့ သူ့စိတ်ထဲမှာ အမြဲတမ်း ခံစားခဲ့ရကြောင်း ထရမ့်က ပြောပါတယ်။
ထရမ့်က သူဟာ တရုတ်ကို ထိခိုက်နာကျင်စေဖို့ ရည်ရွယ်တာမျိုး မရှိခဲ့ဘူးလို့လည်း ဆိုပြန်ပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေး တင်းမာနေတဲ့ အခြေအနေတွေမှာ တရုတ်အတွက် အထိနာတာတွေ ဖြစ်ခဲ့ကြောင်း ထရမ့်က သုံးသပ်ခဲ့ပါတယ်။
နောက်ပြီး အခုသီတင်းပတ် အကုန်လောက်မှာ သူ့အနေနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဆက်သွယ် စကားပြောတာမျိုး ဖြစ်လောက်တယ်လို့လည်း ထရမ့်က မှတ်ချက်ပေးသွားပါတယ်။
ကိုးကား: AFP
