မေ-၁၄၊၂၀၂၅။ကဖေး/People’s Spring
နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပြီးဝါရင့်နိုင်ငံရေးသမား ဒေါက်တာနေဝင်းသည်ယနေ့ (မေလ ၁၄ရက်)နံနက်တွင် လူကြီးရောဂါဖြင့်ကွယ်လွန်သွားသည်။
တိရိစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာနေဝင်းသည် ကျောင်းသားဘဝကတည်း ကပင် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူဖြစ်သည်။ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်ခဲ့၍ စစ်တပ်၏ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရသူဖြစ်သည်။
ရန်ကုန်မြို့ရှိ နေအိမ်၌ကွယ်လွန်သွားခြင်းဖြစ်ပြီး အသက် ၆၆ နှစ်ရှိပြီဖြစ်သည်။ ၎င်းသည် ၂၀၀၇ မျိုးဆက် ဗကသကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်၏ ဖခင်လည်းဖြစ်သည်။

Public Service Announcement
အနေအထိုင်သိမ်မွေ့ပြီး ခံယူချက်ခိုင်မာသူဖြစ်ကြောင်း ၎င်း၏ မိတ်ဆွေနိုင်ငံရေးသမားများက ပြောသည်။
၈၈ မျိုးဆက်နိုင်ငံရေးသမားတစ်ဦးဖြစ်သောဦးမြအေးကလည်း “ကျွန်တော်တို့ရဲ့စီနီယာအကို၊စိတ်နှလုံးသားနူးညံ့ပျော့ပြောင်းသူ၊လေးစားချစ်ခင်ရသောကိုနေဝင်းကွယ်လွန်သွားကြောင်းကြားသိရသည့်အတွက်မိသားစုနဲ့ထပ်တူစိတ်မကောင်းဖြစ်မိပါတယ်။အကို ကိုနေဝင်းကောင်းရာမွန်ရာမှာအေးချမ်းစွာနားခိုပါစေ” ဟုရေးသားထားသည်။
“ဒေါက်တာနေဝင်း နဲ့ အိုးဘိုထောင်မှာ ဆုံဖူးတာ ။ ကိုယ်တွေပေါက်တတ်ကရလုပ်ရင် ကရုဏာတရားရှေ့ထားပြီးလာဆုံးမသွန်သင်တတ်တယ်။တကယ့်လူသူတော်ကောင်းပါ။ ယုံကြည်ချက် ခိုင်မာတဲ့ သူ ၊ ကိုယ်ကျိုးမဖက် အများအတွက်သာအမြဲတမ်းစဉ်းစားတတ်သူ ၊ကိုယ်အမူအယာ နုတ်အမူအယာ အင်မတန် ယဉ်ကျေးသိမ်မွေ့ စိတ်ထားမြင့်မြတ်သူ ပြပါဆိုရင်လည်း ဒေါက်တာနေဝင်းပဲ။လူ့အဖိုးတန်တစ်ဦး ကွယ်လွန်သွားတဲ့အတွက်စိတ်မကောင်းဖြစ်ရပါတယ်”ဟုနိုင်ငံရေးအကျဉ်းသားဟောင်း ပန်းချီထိန်လင်းကလူမှုကွန်ရက်၌ရေးသားထားသည်။
တိုင်းရင်းသားအရေးကျွမ်းကျင်သူ ဦးမောင်မောင်စိုးကလည်း “ဒီနှစ်မေလထဲမှာသူ့အရင်ဆုံးသွားတဲ့ ကိုဦးလှစော(မောင်ခိုင်အောင်- စစ်တွေ)လည်း အလားတူဘဲ ခေတ်ပြိုင်ထဲကပေါ့။ တလထဲမှာ ရှေ့ဆင့် နောက်ဆင့် ဆုံးပါးသွားကြတဲ့ သူတို့နှစ်ဦးလုံးရဲ့တူညီတာတခုတော့သတိပြုမိတယ်။ နှစ်ယောက်လုံးက လူပုံပိန်ပါးပါး၊ လူကောင် ခပ်သေးသေးတွေ၊ စကားပြောရင် လေအေးလေးနဲ့ ပျော့ပျော့ပြောင်းပြောင်း ပြောတတ်ကြတယ်။ ဒါပေမဲ့ သူတို့ ယုံကြည်ချက်၊ ခံယူချက်နဲ့ပတ်သက်ရင် အလွန်မာကျောတယ်”ဟု ရေးသားထားသည်။
ရခိုင်အမျိုးသားပါတီ (ANP)၏အထွေထွေအတွင်းရေးမှူးအဖြစ်တာဝန်ယူခဲ့ပြီး၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ANPပါ တီကိုယ်စားပြု၍ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည့်ရခိုင်နိုင်ငံရေးသမား လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးဦးလှစောသည် ကင်ဆာရောဂါဖြင့်မေလ ၅ ရက် ည တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
