မေ ၁၄၊၂၀၂၅/People’s Spring
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာ စာသင်ကျောင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရကျောင်းသူကလေးငယ်တစ်ဦး ထပ်မံသေဆုံး၍ စုစုပေါင်း သေဆုံးသူ ၂၄ဦးရှိလာကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့(မေလ ၁၄ရက်)တွင် ထုတ်ပြန်သည်။
Grade- 3တွင် ပညာသင်ကြားနေသော မပြည့်ပြည့်ငြိမ်းအသက်(၁၁)နှစ်သည် ယနေ့(မေလ ၁၄ရက်) တွင် ထပ်မံကွယ်လွန်သွားခြင်းဟု ဒီပဲယင်း ပအဖက ထုတ်ပြန်ထားသည်။
မေလ ၁၃ရက်ကလည်း ဒဏ်ရာရထားသူများထဲမှ Grade-2 တွင် ပညာသင်ကြားနေသော မောင်အောင်ဇေယျအသက်(၈)နှစ်မှာ ထပ်မံကွယ်လွန်ခဲ့သည်။

Public Service Announcement
အဆိုပါထုတ်ပြန်ချက်များ မထုတ်ပြန်မီတွင် မြေပြင်စာရင်းကောက်ယူမှုအရ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသူ ၁၀၂ဦးရှိကြောင်း ဒီပဲယင်း ပအဖက ထုတ်ပြန်ထားသည်။
ထိုကြောင့် အိုးတိန်တွင်းရွာစာသင်ကျောင်းဗုံးကြဲခံရမှုတွင် သေဆုံးသူ ကျောင်းသားကျောင်းသူ ၂၂ ဦး ၊ဆရာမ ၂ ဦး စုစုပေါင်း ၂၄ ဦးရှိလာသည်။
စစ်ကောင်စီကမူ စာသင်ကျောင်းကို ဗုံးကြဲမှုအပေါ် ဗြောင်းငြင်းဆိုးပြီး ဒေသခံပြည်သူများကစစ်ကောင်စီ၏ သတင်းလိမ်လည်ထုတ်ပြန်မှုအပေါ်ဝေဖန်ပြစ်တင်နေကြသည်။ NUG က စစ်ကောင်စီသည် စာသင်ကျောင်းကို အဆင့်ဆင့်ပေါက်ကွဲစေသော ကလူစတာ(cluster )ဗုံး အသုံးပြုကြဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ရက်စက်ကြမ်းကြုတ်သည့် လူသတ်လက်နက်ဖြစ်သော ကလူစတာဗုံးကို နိုင်ငံတကာတွင် အသုံးပြုခွင့်တားမြစ်ထားသည်။
