မေလ ၉ ရက်နေ့မှာ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံမော်စကိုမြို့မှာတရုတ်သမ္မတရှီကျင့်ဖျင်ကို တွေ့ဆုံခွင့်ရခဲ့ပါတယ်။
တရုတ်သမ္မတဟာ မြန်မာအာဏာသိမ်းခေါင်းဆောင်ကို အာဏာသိမ်းပြီး ၄ နှစ်ကျော်အတွင်းပထမဆုံးအကြိမ်လက်ခံတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ဒါဟာ တရုတ်အစိုးရက အာဏာသိမ်းစစ်အုပ်စုဘက်က ရပ်တည်တယ်ဆိုတာကိုအထင်အရှားပြသတာလို့ ပြည်သူတွေကအစ နိုင်ငံရေးလေ့လာသူတွေအဆုံးသုံးသပ်ကြပါတယ်။
အာဏာသိမ်းခေါင်းဆောင်ဟာ ရုရှားကနေ မေလ ၁၀ ရက်ညပြန်ရောက်ပြီး နောက် ၂ ရက်အကြာမှာ စစ်ကောင်စီဟာ ဒီပဲယင်းမြို့နယ် ၊အိုးတိန်တွင်းရွာကျောင်းကို ဗုံးတည့်တည့်ကြဲလို့ ကျောင်းသားကျောင်းသူ ၂၁ ဦးနဲ့ဆရာမ ၂ ဦး စုစုပေါင်း ၂၃ ဦးသေဆုံးခဲ့ပြီး ၁၀၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။ စစ်အုပ်စုဟာ သမိုင်းတလျှောက်ဖျက်အားအပြင်းဆုံးငလျင်လှုပ်ပြီးတော့ နိုင်ငံတကာကို ယာယီအပစ်ရပ်တယ်လို့ လိမ်ညာပြီး ဗုံးကြဲခြင်းအမှုကို ဆက်တိုက်ပြုလုပ်နေတာပါ ။
ငလျင်မလှုပ်ခင်ရော ၊ငလျင်လှုပ်ပြီးရော၊ မင်းအောင်လှိုင်ရုရှားမသွားခင်ရော၊သွားနေတုန်းရော၊ပြန်လာပြီးတော့ရော နိုင်ငံတစ်ဝန်းပတ်ဗုံးကြဲခဲ့ပါတယ် ။ဒါကြောင့် မတ်လ ၂၈ရက်ကနေ မေလ ၉ ရက်အထိ တစ်လခွဲခန့်တွင်းမှာ တိုင်းနှင့် ပြည်နယ် ၁၃ခုမှာစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃၇၂ကြိမ် ပြုလုပ်ခဲ့ပြီးတော့ ပြည်သူ ၃၃၄ ဦး သေဆုံးပြီး ၅၅၂ဦး ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါတယ် ။

Public Service Announcement
ဒါပေမယ့် မေ ၁၂ ရက်နေ့ကစပြီး စာသင်ကျောင်းတွေ ၊ကျေးရွာတွေ ၊မြို့ပေါ်တွေ စတဲ့ပြည်သူတွေရှိတဲ့နေရာတွေကိုပဲပစ်မှတ်ထားဗုံးကြဲပြီးအစုလိုက်အပြုံလိုက်သတ်ဖြတ်တာကပိုဆိုးဝါးလာပါတယ် ။
မင်းအောင်လှိုင် ရုရှားကပြန်လာပြီးနောက်နေ့ဖြစ်တဲ့ မေ ၁၁ ရက်ကနေ မေ ၁၃ ရက်အထိ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုအချက်အလက်တွေကို People’s Spring ကစုဆောင်းတဲ့အခါ အနည်းဆုံးအကြိမ်ပေါင်း ၁၁ ကြိမ်ရှိပြီး ကလေးငယ်တွေအများစုအပါအဝင်ပြည်သူ ၄၃ ဦးသေဆုံးပြီး ၁၄၇ ဦးဒဏ်ရာရခဲ့တာတွေ့ရပါတယ် ။ ဗုံးကြဲခံရပြီးဒီစာရင်းမှာမပါသေးတဲ့ အချက်အလက်တွေလည်းကျန်ရှိနိုင်ပါသေးတယ်။
ပဇီကြီး ၊လက်ယက်ကုန်း ၊အနမ့်ပါ ၊မိုဆိုရွာ ၊ အိုးတိန်တွင်း ကနေ နောက်ဆုံး ထွန်းရဝေရွာအထိ စစ်တပ်ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်ကျော်အတွင်းအကြိမ်ပေါင်းရာချီနေပြီဖြစ်ပါတယ် ။အများစု ကိုလေကြောင်းကနေ ဗုံးကြဲပြီး ပြည်သူတွေကို သတ်ဖြတ်နေတာဖြစ်ပါတယ် ။
ဒါကြောင့် မင်းအောင်လှိုင်ဟာ စီကျင်းပင်နဲ့ တွေ့ဆုံပြီးနောက်ပိုင်း ပြည်သူတွေကိုပစ်မှတ်ထားပြီးပိုဗုံးကြဲသတ်ဖြတ်လာသလားဆိုတဲ့ မေးခွန်းမေးစရာဖြစ်လာပါတယ်။ ဒါမှမဟုတ် စစ်ကောင်စီဟာ မေလ ၈ ရက် နဲ့ ၉ ရက်နေ့တွေမှာ ထိုင်းနယ်စပ်ထီးခီးစစ်စခန်းကြီး၊ တခေါ်ဘီခွီးစခန်း နဲ့ ရွှေကျင်က ခမရ (၅၉၈)တပ်ရင်းစတဲ့ အရေးပါတဲ့စစ်စခန်းတွေကို တော်လှန်ရေးတပ်တွေဆီ ဆုံးရှုံးလိုက်ရလို့ ပြည်သူတွေကို အာရုံပြောင်းဖို့၊စိတ်ဓါတ်ကျအောင်၊ ကြောက်စိတ်ဝင်အောင်တမင် ဗုံးကြဲသတ်ဖြတ်နေတာလားဆိုတာလည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ် ။ စစ်အုပ်စုဟာ တော်လှန်ရေးအဖွဲ့တွေကို စစ်နိုင်အောင်မတိုက်နိုင်တော့လို့ ပြည်သူတွေကိုပဲအညှိုးထား ဗုံး သတ်ဖြတ်နေတာလား ။
ဒါမှမဟုတ် တော်လှန်ရေးတပ်တွေ နဲ့ ပြည်သူတွေကို သွေးခွဲဖို့ အတွက်ပြည်သူတွေကို ဦးတည်ဗုံးကြဲသတ်ဖြတ်နေတာလား။
အာဏာသိမ်းစစ်အုပ်စုဟာပြည်သူတွေအစုလိုက်အပြုံလိုက်သေစေတဲ့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတာဘာကြောင့်လဲဆိုတာ စာဖတ်သူတွေရဲ့ ထင်မြင်ချက်တွေကိုလည်း ဝင်ရောက်ဆွေးပေးစေလိုပါတယ် ။
