ဇူလိုင်-၂၀၊၂၀၂၅။ဇော်ရမ်း/People’s Spring
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်၃၁၈အနီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ တိုက်ပွဲဖြစ်နေပြီး ခရီးသွားများ လုံခြုံရေးသတိပြုရန် ပြည်သူ့ကာကွယ်ရေး ရဲဘော်များကသတိပေးသည်။
ယနေ့ (ဇူလိုင်လ ၂၀ရက်)နံနက် ၉နာရီဝန်းကျင်တွင်တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လမ်းယာယီပိတ်ခဲ့သည်။
“အဲ့နားက ရဲစခန်းကို ချနေတာ” ဟု နွားထိုးကြီးမြို့နယ်ကာကွယ်ရေးရဲဘော်တဦးကပြောပြီး ခရီးသွားများ လုံခြုံရေးသတိပြုနေထိုင်ကြရန် ၎င်းက ဆက်လက်သတိပေးသည်။တိုက်ပွဲသည် မနက် ၁၁ နာရီကျော်တွင် ပြီးဆုံးသွားကြောင်း ခရီးသွားအချို့ကပြောသည်။

Public Service Announcement
နွားထိုးကြီးမြို့နယ်အတွင်းပါဝင်သောရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင်အမှတ် ၃၁၈- ၃၁၉ အနီးတွင် ပြင်စည်အမြန်လမ်းရဲကင်းစခန်းရှိသည်။
ပြင်စည်စခန်းကို မတ်လ ၁၉ ရက်နေ့ နှင့်၂၀၂၄ ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း PDFများက တိုက်ခိုက်ခဲ့ဖူးသည်။အမြန်လမ်းပေါ်မှ ရဲကင်းစခန်းချို့ကို မကြာခဏတိုက်ခိုက်နေသည့် မြင်းခြံခရိုင်တပ်ရင်း(၄)နှင့် တပ်ရင်း(၁၀) ဖြစ်သောနွားထိုးကြီးPDFက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
အမြန်လမ်းတွင် တိုက်ပွဲများ ဖော်ဆောင်မည်ဖြစ် ၍ မလိုအပ်ဘဲ အမြန်လမ်းအသုံးမပြုရန်၊ ကားမှန်ချမောင်းရန်၊လမ်းကို ညပိုင်းအသုံးမပြုကြရန်၊ တိုက်ပွဲဖြစ်ပွားနေပါက ရောက်ရာနေရာ၌ရပ်တန့်ပြီး လုံခြုံ သည့် နီးစပ်ရာနေရာများတွင် နေထိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၄ နှစ်ကုန်ပိုင်းတွင် စတင်သတိပေးခဲ့သည်။
