ဇူလိုင်-၄၊၂၀၂၅။ထားမြတ်/People’s Spring
ချင်းဒေသကာကွယ်ရေတပ်(ကလေး-ကဘော်-ဂန့်ဂေါ)-CDF-KKG တပ်ဖွဲ့ နှင့် မဟာမိတ်များ တိုက်ခိုက်သိမ်းပိုက်ထားသည့် ကလေး-ဂန့်ဂေါကြားရှိ ကြံသာရွာကို စစ်တပ် နှင့် ပျူစောထီးများကပြန်လည်ရယူနိုင်ရန် ထိုးစစ်ဆင်လာသဖြင့် မကြာခဏ တိုက်ပွဲများဆက်ဖြစ်နေကြောင်း CDF-KKG ဗဟိုသတင်းပြန်ကြားရေး တာဝန်ရှိသူ ကိုအားမှုန်ကပြောသည်။
CDF-KKG အထူးစစ်ဆင်ရေးအမည်ဖြင့်တော်လှန်ရေးအဖွဲ့များက ကလေး-ဂန့်ဂေါကြားရှိစစ်တပ်နှင့် ပျူစောထီး စိုးမိုးနေရာများကို ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလတွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ကမ်းပါးနီစခန်း၊ မှန်တောစခန်း၊ အောင်သာယာ (အရှေ့ ၊ အနောက်)စခန်း နှင့် ကြံသာရွာတို့ကို နှစ်လတာအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါ စခန်းများအနက် ပျူစောထီးရွာများအတွက် အရေးပါသည့် ကြံသာရွာ ပြန်ရရေး စစ်ကောင်စီတပ်ကပြန်ထိုးစစ်ဆင်နေသည်ဟု CDF-KKGကပြောသည်။
“ကျနော်တို့ကမ်းပါးနီကိုသိမ်းပြီးတော့ကြံသာအထိသိမ်းနိုင်တယ်။ လက်ရှိကတော့ ကျနော်တို့က ကြံသာအထိ စိုးမိုးနယ်မြေဖြစ်သွားပြီပေါ့။ ဟိုဘက်အခြမ်းကနှမ်းခါးတို့ဟံသာ၀တီတို့ဆိုတော်တော်လေး ပျူစောထီးအင်အားကောင်းတဲ့ အကြီးဆုံးရွာပေါ့။ကျန်တဲ့ရွာတွေလည်းရှိသေးတယ် ၁၀ရွာ၊ ၁၂ရွာလောက်ရှိအုံးမယ်ထင်ပါတယ်။ သူတို့အနေနဲ့ပေါင်းပြီးတော့ စကစကနေ လက်နက်ခဲယမ်းတွေချပေးပြီးတော့ ကျနော်တို့ကို ထိုးစစ်ဆင်တာမျိုးတွေခဏခဏ လုပ်တဲ့အနေအထား။ သူတို ကြံသာကို ပြန်ရဖို့။ဘာဖြစ်လို့လဲဆိုရင်ကြံသာကပျူစောထီးရွာတွေရဲ့ အရှေ့တံခါးပေါက်ဖြစ်တဲ့အတွက် သူတို့အတွက် တော်တော်လေး အရေးပါတဲ့ နေရာလည်းဖြစ်တဲ့အတွက် ပြန်ယူဖို့ထိုးစစ်ဆင်ဖို့ အနေအထားတွေပေါ့”ဟု CDF-KKG သတင်းပြန်ကြားရေးတာဝန်ခံကပြောသည်။

Public Service Announcement
တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ၍အခက်အခဲစိန်ခေါ်မှု အချို့ရင်ဆိုင်နေရသည်ဟုလည်း အသိပေးသည်။
“ကျနော်တို့ဒီဘက်(ကလေး-ကဘော်ဒေသ)မှာကြတော့ လုံး၀ အချက်အခြာကျတဲ့နေရာဒေသတွေ ဖြစ်တဲ့အတွက် ကျနော်တို့မှာကတော့ ခက်ခဲမှုတွေအများကြီးရှိတယ်။ ဒီဘက်မှာ စစ်ကောင်စီလည်း အင်အားကောင်းတဲ့နေရာဆိုတော့ကျနော်တို့ မှတ်ချက်ပေးဖို့ ထွေထွေထူးထူးတော့မရှိဘူး အဓိကတော့ ပြည်သူပါဝင်ပေးဖို့ရယ် ကျနော်တို့မှာ လက်နက်ခဲယမ်းရှိဖို့အဓိကပစ်မှတ်ထားပြီးလုပ်ဆောင်နေရတဲ့ အနေအထားပေါ့နော်။ အဲဒါကြောင့် ကျနော်တို့ ပြည်သူ့တော်လှန်ရေးဖြစ်တဲ့အတွက် ပြည်သူ ပါဝင်ပေးဖို့ ပေါ့နော်” ဟုကိုအားမှုန်က ပြောသည်။
CDF-KKG အထူးစစ်ဆင်ရေးဆက်လက်ဖော်ဆောင်နေပြီး တိုက်ပွဲများမပြီးသေး၍စစ်ကောင်စီက မကြာခဏဆင်နွှဲနေသည့် ထိုးစစ်ဆင်မှုကို ရင်ဆိုင်ရန် CDF KKGကို ပြည်သူများ ပိုမိုထောက်ပံ့ပေးရန် ကိုအားမှုန်က နှိုးဆော်သည်။
CDF KKG သည် ကလေး-ကဘော်-ဂန့်ဂေါ ဒေသတွင်သာမက ချင်းတောင်ပေါ်ဒေသများနှင့် ချင်း-စစ်ကိုင်း၊ချင်း-မကွေးဆက်စပ်နယ်မြေများ၌ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီးစစ်ကောင်စီကိုတိုက်ခိုက်လျက်ရှိရာ တပ်ဖွဲ့ ဖွဲ့စည်းခဲ့သည့်လေးနှစ်တာအတွင်းတိုက်ပွဲပေါင်း၄၀၀ ကျော်တွင် ပါဝင် တိုက်ခိုက်နိုင်ခဲ့ဟု CDF KKGက ဇူလိုင် ၁ရက်တွင် ထုတ်ပြန် အသိပေးထားသည်။
တော်လှန်ရေး လေးနှစ်တာအတွင်း CDF -KKG ရဲဘော် ၇၃ဦး ကျဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူ ၁၅၀ ကျော်ရှိခဲ့သည်ဟုလည်း အသိပေးသည်။
ကလေး-ကဘော်-ဂန့်ဂေါ ဒေသလွတ်မြောက်ရေးမှသည် မြန်မာတပြည်လုံးစစ်ကောင်စီလက်အောက်မှ လွတ်မြောက်ပြီး ပြည်သူ တရပ်လုံး လိုလားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်သည်အထိ တိုက်ပွဲဝင်သွားမည်ဟုလည်းCDF KKGကတပ်ဖွဲ့ ဖွဲ့စည်းမှု ၄နှစ်ပြည့်နေ့ဖြစ်သော ဇူလိုင် ၁ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
