close
Connect with us

Hi, what are you looking for?

သတင်း

နောင်ချို သုံးဆယ်ရွာ စစ်တပ်ဗုံးကြဲ၊ ဒေသခံသုံးဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က သုံးဆယ်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံး (၁၁)လုံး ကြဲချတိုက်ခိုက်လို့ ဒေသခံပြည်သူ သုံးဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ဇူလိုင်-၁၊ ၂၀၂၅။ People’s Spring

တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က သုံးဆယ်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံး (၁၁)လုံး ကြဲချတိုက်ခိုက်လို့ ဒေသခံပြည်သူ သုံးဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁ ရက်နေ့လယ် ၃နာရီ ၁၅မိနစ်မှာ တစ်ကြိမ်၊ ၃နာရီ ၁၆မိနစ်မှာ တစ်ကြိမ်၊ ၃နာရီ ၂၀ မိနစ်မှာ တစ်ကြိမ်၊ ၃နာရီ ၂၃မိနစ်အချိန်မှာ တစ်ကြိမ် စုစုပေါင်း လေးကြိမ်မှာ ဗုံး ၁၁လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာလို့ အသိ​ပေးထားပါတယ်။

ဗုံးကျပေါက်ကွဲမှုကြောင့် အမျိုးသားသုံးဦး သေဆုံးခဲ့ပြီး အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိကာနေအိမ်နှစ်လုံးနဲ့ ဘုန်းကြီးကျောင်းနှစ်ကျောင်းလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA

ပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့ လိုအပ်ပြီး လေကြောင်းရန်က ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်ကောင်စီဟာ TNLA သိမ်းယူထားတဲ့ နောင်ချိုမြို့ကိုပြန်သိမ်းဖို့ ထိုးစစ်ဆင်​နေတာမှာ နောင်ချိုမြို့ပေါ်နဲ့ ၄ မိုင်ကျော်သာသာပဲဝေးတော့တဲ့ မျက်ချင်းနုရွာနဲ့ နောင်ဩရွာကိုမနေ့ (ဇွန်လ ၃၀ရက်)မှာ သိမ်းယူလာနိုင်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မျက်ချင်းနုရွာနဲ့ နောင်သြရွာတို့မှာ TNLA နဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး အခုတော့ TNLA က အဲဒီရွာတွေကိုလက်လွှတ်ပေးလိုက်ရတာပါ။

TNLAရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက TNLA အနေနဲ့ ​နောင်ချိုမြို့ကို ပြန်​ပေးမှာ မဟုတ်ဘဲ အပစ်ရပ်​ကြေညာထားတာမို့ ခုခံ တိုက်ခိုက်တာပဲရှိပြီး တန်ပြန်ထိုးစစ်ဆင်တာ မရှိ​သေးဘူးလို့​ ဇွန်လ ၂၆ ရက်က People’s Spring ကို ပြောထားပါတယ် ။

TNLA အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဟာ စစ်ကိုင်းငလျင်ကြီးဘေးကြောင့် ပြန်လည်ထူ​​ထောင်​ရေးလုပ်ငန်း​တွေလုပ်ဖို့ ဇွန်လကုန်အထိ တစ်ဖက်သတ်အပစ်ရပ်တယ်လို့ကြေညာထားပါတယ်။ ဒါ​ကြောင့် မနေ့က အပစ်ရပ်နောက်ဆုံးနေ့ဖြစ်ပါတယ်။

ဇွန်လဆန်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း TNLA ​ပြော​ရေးဆိုခွင့်ရှိသူက စစ်တပ်က ထိုးစစ်ဆင်လာ​ပေမယ့် ပြည်သူ​တွေ မစိုးရိမ်ကြဖို့ ၊ TNLAက စစ်ဗျူဟာအတိုင်းလုပ်​နေတာလို့​ဖြေကြားခဲ့ပါတယ်။

ဒါ​ပေမဲ့ စစ်တပ်ထိုးစစ်ဟာ မြို့နဲ့ တဖြည်းဖြည်းနီးလာပြီး လေ​ကြောင်းပစ်ကူအများအပြားသုံးတဲ့အပြင် ​မြေပြင်က အင်အား​ထောင်ချီသုံးထိုးစစ်ဆင်​​နေတာလို့ ဓနုလွတ်မြောက်ရေးတပ်မတော် DPLA ကတာဝန်ရှိသူက​ပြောထားပါတယ်။ ​တော်လှန်​ရေးတပ်​တွေက အ​ကောင်းဆုံးခုခံ​နေတယ်လို့ DPLA ကတာဝန်ရှိသူကလည်း ဇွန်လ၂၅ ရက်​က ပြောထားပါတယ်။

စစ်တပ်ရဲ့ ထိုးစစ်ကို TNLA ၊ DPLA နဲ့ မဟာမိတ်​တွေက ခုခံတိုက်ခိုက်​နေတာလို့သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဆုံးရှုံးထားတဲ့ ရှမ်းပြည်မြောက်ပိုင်းကို ပြန်လည်ရရှိဖို့အတွက် ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက နောင်ချိုမြို့ဆီကို စစ်ကြောင်းသုံးကြောင်းနဲ့အပြင်းအထန် ထိုးစစ်ဆင်​​နေတာ​ကြောင့် တိုက်ပွဲ​တွေ ​နေ့စဥ်ပြင်းထန်​ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က ဇွန် ၃၀ မှာမျက်ချင်းနု နဲ့ နောင်ဩရွာကိုသိမ်းပိုက်ခဲ့တယ်လို့ ​ဒေသခံအချို့​ပြော

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်မှာ ဒီကနေ့(ဇွန်လ ၂၈ရက်)မှာလည်း တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ စစ်မြေပြင်က ရဲဘော်တွေက ပြောပါတယ်။

သတင်း

စစ်တပ်က ပြင်ဦးလွင်စစ်တက္ကသိုလ်ကျောင်းတွေက ဗိုလ်လောင်းတွေ နဲ့ ရဲတပ်ရင်းတွေကရဲ​တွေကိုပါထုတ်ပြီးအသုံးပြုနေတယ်လို့ ဆို