ဇူလိုင်-၂၄၊၂၀၂၅။သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၂၄)မှာ စစ်အာဏာရှင် ကျရှုံးရေး ဆန္ဒပြသပိတ်တွေ အသီးသီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ ဗကသကျောင်းသားလူငယ်တွေက ဦးဆောင်ပြီး “တောင်တန်းမြေပြန့်ညီညွှတ်ကြ၊ အာဇာနည်ဟာကိုးဦးမက” စာသားပါ ဘန်နာတွေကိုင်စွဲပြီး ကျောင်းသားပြည်သူလူထု ပူးပေါင်းသပိတ်စစ်ကြောင်း ချီတက်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မှာလည်း ပြည်သူ့အားမာန် သပိတ်စစ်ကြောင်းက တော်လှန်ပြည်သူတွေနဲ့အတူ အကြမ်းဖက် စစ်အာဏာရှင်ကျရှုံးရေးဆန္ဒပြသပိတ် ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက “မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ၊ စစ်အာဏာရှင်ကိုတော်လှန်ကြ၊ အရေးတော်ပုံမုချအောင်ရမည်” ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းမှာ တော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ အရာတော်မြို့နယ်လူထုသပိတ်
