close
Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ ထိုင်းနယ်စပ်မှာ ဒုတိယနေ့ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေ

ဇူလိုင် ၂၅ ရက်နေ့ မနက်ပိုင်းမှာလည်း နယ်စပ်တလျှောက် ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်တပ်တွေကြား တိုက်ခိုက်မှုတွေ ဒုတိယနေ့အဖြစ် ဆက်လက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Reuters

ဇူလိုင် ၂၅ ရက်နေ့ မနက်ပိုင်းမှာလည်း နယ်စပ်တလျှောက် ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်တပ်တွေကြား တိုက်ခိုက်မှုတွေ ဒုတိယနေ့အဖြစ် ဆက်လက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယားနဲ့ ထိစပ်ရာ နယ်စပ် ဧရိယာ အားလုံးနီးပါးကို တာဝန်ယူထားတဲ့ ထိုင်းအမှတ် ၂ စစ်နယ်မြေ စစ်ဦးစီး ဌာနက နယ်စပ်ရဲ့ နေရာတချို့မှာ တိုက်ခိုက်မှုတွေ ဆက်ရှိနေတယ် ဆိုတာကို ဇူလိုင် ၂၅ ရက် မနက်ပိုင်းက လူမှုကွန်ရက်မှာ အတည်ပြု ဖော်ပြခဲ့ပါတယ်။

နောက်ပြီး ထိုင်းစစ်ထောက်လှမ်းရေးကလည်း တာမွိုင်သောင် ဘုရားကျောင်းနားမှာ ဇူလိုင် ၂၄ ရက်ကနေ ၂၅ ရက် မနက်ပိုင်းထိ အတောအတွင်း ထိုင်းရဲ့ စစ်ဆင်ရေးတွေကြောင့် စစ်သား အများစု အပါအဝင် ကမ္ဘောဒီးယားတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ အထူးသဖြင့် ကမ္ဘောဒီးယား စစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ၄၂ ဟာ အတော်လေး အထိနာခဲ့ပြီး ထိခိုက်သေကြေမှု များခဲ့တယ်လို့ ထိုင်းစစ်ထောက်လှမ်းရေးက ဆိုပါတယ်။

ကမ္ဘောဒီးယားက အသေအပျောက် စာရင်းကို မထုတ်ပြန်သေးပေမယ့် ထိုင်းစစ်ထောက်လှမ်းရေးကတော့ စစ်သားအများစု အပါအဝင် ကမ္ဘောဒီးယားဖက်မှာ အနည်းဆုံး ၂၄ ဦး သေဆုံးခဲ့တယ်လို့ မှတ်ချက်ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၄ ရက်နေ့မှာ ထိုင်းရဲ့ တိုက်လေယာဉ်တွေက စစ်ဆင်ရေးအတွက် ပါဝင်ဗုံးကြဲခဲ့သလို ဇူလိုင် ၂၅ ရက်နေ့မှာတော့ ချောင်ဘော့ခ်ကနေ ထိုင်းရဲ့ ပစ်ခတ်မှုတွေကြောင့် ကမ္ဘောဒီးယားဖက်ခြမ်းက ၁၀၀ မမ မော်တာ ၃ ခု ပျက်စီးခဲ့တယ်လို့ ထိုင်းစစ်တပ်က အခိုင်အမာ ပြောပါတယ်။

နယ်စပ်မှာ နှစ်နိုင်ငံ ပိုင်ဆိုင်ခွင့်အတွက် အဓိက အငြင်းပွားနေတဲ့ ရှေးဘုရားကျောင်းတွေထဲက ဖရာဗီဟီရာကို ထိုင်းစစ်တပ်က သိမ်းယူလိုက်ပြီလို့ ထိုင်းသတင်းဌာန The Nationက ဖော်ပြခဲ့ပေမယ့် ကမ္ဘောဒီးယားကတော့ သတင်းမှားသာဖြစ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ The Nationက ထိုင်းတပ်တွေဟာ အရင်က တပ်စွဲထားခဲ့ဖူးရာ ဝတ်ခေါင်ဆီကာ ခီရီဗာရာ ဧရိယာကိုလည်း ထိန်းချုပ်ထားနိုင်ပြီလို့ ရေးသားထားခဲ့ပေမယ့် အဲဒီကိစ္စကိုလည်း ကမ္ဘောဒီးယားဖက်က ပယ်ချခဲ့ပါတယ်။

ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာလီ ဆိုချီယက်တာက ဇူလိုင် ၂၅ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်မှုတွေ ဆက်ရှိနေတာကို အတည်ပြုခဲ့ပေမယ့် The Nationရဲ့ သတင်းဖော်ပြချက်တွေဟာ ပရော်ဖက်ရှင်နယ် ကျင့်ဝတ် ကင်းမဲ့ပြီး အလုံးစုံ မှားယွင်းနေတယ်လို့ ဝေဖန် ရှုတ်ချသွားပါတယ်။ သတင်းမှာ ဖော်ပြထားတဲ့ ဧရိယာတွေဟာ ကမ္ဘောဒီးယားရဲ့ ထိန်းချုပ်မှုအောက်မှာ လုံလုံခြုံခြုံ ဆက်ရှိနေဆဲလို့ သူက ဆိုပါတယ်။

သူက ထိုင်းစစ်တပ်ဟာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ (ယူနက်စကို)က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နယ်မြေအဖြစ် သတ်မှတ်ထားရာ နေရာတစ်ခုမှာလည်း အဆင့်ဆင့် ကွဲထွက်ပြီး ပေါက်ကွဲတဲ့ ဗုံးပဒေသာတွေ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲပြစ်တင်ခဲ့ပြီး အဲဒီလုပ်ရပ်ဟာ ဖျက်အားပြင်း လက်နက်တွေ အသုံးပြုမှုကို ကန့်သတ်တဲ့ နိုင်ငံတကာ ကျင့်ဝတ် သဘောတူညီချက်တွေကို ချိုးဖောက်ရာ ရောက်နေကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: Khaosod, Khmer Times

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC)ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားကြားက စစ်ရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အရေးပေါ် တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

နှစ်နိုင်ငံကြား စစ်ရေး ပဋိပက္ခ ဖြစ်ပွားနေပေမယ့် ကမ္ဘောဒီးယား ကျောင်းသားတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း လုံခြုံရေးကို အထိခိုက် မခံဘဲ ကူညီ စောင့်ရှောက်သွားမယ်လို့ ထိုင်းနိုင်ငံရဲ့ ချူလာလောင်ကွန်း တက္ကသိုလ်က ကြေညာခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ပဋိပက္ခနဲ့ ပတ်သက်လို့ အရေးပေါ် အစည်းအဝေး ကျင်းပပေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ (UNSC)ကို ကမ္ဘောဒီးယား အစိုးရက စာပို့ပြီး တိုက်တွန်းလိုက်ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်ရေး ပဋိပက္ခ ပထမ တစ်ရက်တာအတွင်း ထိုင်းရဲ့ F-16 တိုက်လေယာဉ်တွေဟာ ကမ္ဘောဒီးယား စစ်ရေး ပစ်မှတ်တွေကို သုံးကြိမ်ထိ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။