ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်ရေး ပဋိပက္ခ ပထမ တစ်ရက်တာအတွင်း ထိုင်းရဲ့ F-16 တိုက်လေယာဉ်တွေဟာ ကမ္ဘောဒီးယား စစ်ရေး ပစ်မှတ်တွေကို သုံးကြိမ်ထိ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။
ကမ္ဘောဒီးယားကတော့ အတွဲလိုက် ပစ်ခတ်နိုင်တဲ့ ဒုံးကျည်စနစ်တွေကို အဓိက အသုံးပြုပြီး ထိုင်းဖက်ခြမ်း နယ်စပ် ဧရိယာတွေကို ပစ်ခတ်ခဲ့ပါတယ်။ ထိုင်း စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ဝစ်ထိုင် ဆူဗာရီက တစ်ရက်တာ စစ်ဆင်ရေး အခြေအနေတွေကို ပြောကြားခဲ့ရာမှာ ထိုင်းစစ်တပ် အနေနဲ့ စစ်ဆင်ရေး ရည်မှန်းချက်တွေကို စီစဉ်ထားတဲ့အတိုင်း ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ မှတ်ချက်ပေးသွားပါတယ်။
သူက ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်ရေး ပဋိပက္ခဟာ ချက်ချင်းတော့ ရပ်မသွားနိုင်ဘဲ အချိန်ကာလ အတိုင်းအတာ တစ်ခုထိတော့ ဆက်ကြာနေနိုင်တယ်လို့ ဆိုပါတယ်။ နောက်ပြီး ထိုင်းစစ်တပ်ဟာ စစ်ဆင်ရေးတွေ အားလုံးကို နိုင်ငံတကာ ဥပဒေတွေနဲ့အညီ သတိကြီးကြီး လုပ်ဆောင်ခဲ့တယ်လို့ သူက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကတော့ တာဝေး ပစ်မှတ်တွေကို မဟာဗျူဟာမြောက် ချေမှုန်းဖို့ စီစဉ်ခဲ့တာ ဖြစ်တယ်လို့ ဗိုလ်ချုပ် ဝစ်ထိုင်က ပြောကြားခဲ့ပါတယ်။

Public Service Announcement
ထိုင်းဟာ ကမ္ဘောဒီးယားကို စတင်တိုက်ခိုက်ဖို့ ရည်ရွယ်ချက် လုံးဝ မရှိခဲ့ကြောင်း၊ စစ်ဆင်ရေး အားလုံးကလည်း လိုအပ်တဲ့ အခြေအနေတွေအတိုင်း တုံ့ပြန်ခဲ့တာသာ ဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။ ဗိုလ်ချုပ် ဝစ်ထိုင်က ကမ္ဘောဒီးယား စစ်တပ် အနေနဲ့ ထိုင်းရဲ့ အရပ်ဖက် ပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကိုလည်း ဝေဖန်သွားပါတယ်။
စစ်လက်နက်တွေကို အသုံးပြုတဲ့အခါ၊ စစ်ဆင်ရေးတွေ ဖော်ဆောင်တဲ့အခါ စည်းမျဉ်းတွေကို တိတိကျကျ လိုက်နာဖို့ လိုသလို စစ်ရေးပစ်မှတ်တွေကိုသာ တိုက်ခိုက်ရမှာ ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားဟာ နိုင်ငံတကာ စည်းမျဉ်း ကျင့်ဝတ်တွေကို ချိုးဖောက်ခဲ့ပြီး အဲဒီအတွက်လည်း ကမ္ဘောဒီးယားရဲ့ ပုံရိပ်က ထိခိုက်လာမှာဖြစ်ကြောင်း သူက ဆိုပါတယ်။
ထိုင်းက F-16တွေကို အသုံးပြုပြီး ဗုံးကြဲခဲ့ပေမယ့်လည်း ပစ်မှတ်ကို တိတိကျကျ ရွေးချယ်ခဲ့ပြီး သတ်မှတ်ထားတဲ့ စစ်ဆင်ရေးဇုန် ဧရိယာ ပြင်ပကို ထိခိုက်မှု လုံးဝ မရှိခဲ့ကြောင်း ဗိုလ်ချုပ် ဝစ်ထိုင်က အခိုင်အမာ ပြောဆိုသွားပါတယ်။
စစ်ရေး ပဋိက္ခအတွင်း ထိုင်းမှာ အရပ်သား ၁၂ ဦးလောက် သေဆုံးခဲ့ပေမယ့် ကမ္ဘောဒီးယားဖက်က ထိခိုက်သေကြေမှု စာရင်းကိုတော့ မသိရသေးကြောင်းလည်း ဗိုလ်ချုပ် ဝစ်ထိုင်က ဆိုပါတယ်။ ပြီးတော့ စစ်ဆင်ရေးတွေက အချိန်တချို့ ဆက်ကြာနေမယ်လို့ ယုံကြည်ရပေမယ့် အမြန်ဆုံး တတ်နိုင်သမျှ မြန်မြန် အဆုံးသတ်နိုင်အောင် ထိုင်းက ကြိုးစားမှာဖြစ်ကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။
ထိုင်းဟာ အမေရိကန်လုပ် အပေါ့စား တိုက်လေယာဉ်တွေဖြစ်တဲ့ F-16တွေကို ခပ်မြန်မြန် ထုတ်သုံးခဲ့ပေမယ့် ကမ္ဘောဒီးယားကတော့ တိုက်လေယာဉ်တွေ တစ်စီးမှ ပိုင်ဆိုင်မထားတဲ့အတွက် ထိုင်းမှာရှိတဲ့ စစ်ရေးပစ်မှတ်တွေကို တုံ့ပြန် ဗုံးကြဲနိုင်စွမ်း မရှိခဲ့ပါဘူး။
နှစ်နိုင်ငံ စစ်ရေး ပဋိပက္ခရဲ့ ပထမဆုံး နေ့မှာတော့ ကမ္ဘောဒီးယားဟာ ဆိုဗီယက်လုပ် အတွဲလိုက်ပစ် ဒုံးကျည်စနစ်ဖြစ်တဲ့ BM-21ကို အဓိက အားကိုးပြီး တိုက်ခိုက်ခဲ့ပါတယ်။
ကိုးကား: Khaosod
