ဇူလိုင်-၁၆၊ ၂၀၂၅။ People’s Spring
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ရဲ့ ကတ်ပြားတွေပါရှိတဲ့ လှိုင်သာယာမြို့နယ်က လူမိုက်အဖွဲ့က ပြန်ပေးဆွဲမှုလုပ်ခဲ့လို့ ပစ်ခတ်ဖမ်းဆီးခဲ့တာမှာ တစ်ဦးကိုအသေဖမ်းမိတယ်လို့ကရင်နယ်ခြားစောင့်တပ်(BGF)က တာဝန်ရှိသူတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်ကကြေးစားလူသတ်သမား လူမိုက်တေဇာလင်း(ခ) ရှောက်ပေါင်းနဲ့အဖွဲ့ဟာ မြဝတီမြို့ အမှတ်(၅)ရပ်ကွက်က နေအိမ်တစ်အိမ်လာပြီး ဦးမြတ်ကိုဆိုသူအား လာရှာတာမှာ မတွေ့လို့အိမ်ကပိုက်ဆံ ၁၂ သိန်းနဲ့ ဖုန်းတစ်လုံး ယူသွားခဲ့တယ်လို့ BGF တာဝန်ရှိသူက ပြောပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့ ဇူလိုင် ၁၄ရက်မှာ မြဝတီမြို့ အမှတ်(၂)ရပ်ကွက်က လက်ဖက်ရည်ဆိုင်မှာ ဦးမြတ်ကို ရှိနေစဉ် ရှောက်ပေါင်းနဲ့ခဲ့အဖွဲ့က လာခေါ်ပြီး ပြန်ပေးဆွဲသွားခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement
“လက်ဖက်ရည်ဆိုင်မှာ ပြန်ပေးဆွဲမှုဖြစ်တယ်။ ကိုမြတ်ကိုပဲ ပြန်ပေးဆွဲသွားတယ်။ပြောက်ကျားအမဲရောင်ဝတ်တဲ့အဖွဲ့ကခေါ်သွားတာ။ဘတ်တံဆိပ်မပါဘူး။ Ford ကားအမဲရောင်ဒဘယ်ကတ်နဲ့ လာခေါ်သွားတာ။ ပထမ လာခေါ်တာလည်း ဒီကားနဲ့ပဲ”လို့ BGFတာဝန်ရှိသူက ပြောပါတယ်။
အဲဒီနောက် ရှောက်ပေါင်းအဖွဲ့က ဦးမြတ်ကိုရဲ့ဇနီးထံ ငွေနဲ့ပြန်ရွေးဖို့ ဖုန်းဆက်သွယ်လာခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့က ဆက်သွယ်လာတယ်။ပထမ ထိုင်းဘတ် သိန်း ၁၅၀ တောင်းတယ်။ဘတ်သိန်း ၄၀ နဲ့ အဆင်ပြေသွားတယ်။ သူတို့က ချိန်းတယ်ပေါ့။မြို့အပြင်မှာ။ ပြည်သူတွေအထိန့်တလန့်ဖြစ်အောင်လုပ်တဲ့ ဖြစ်စဉ်မို့ BGFက မြို့အနှံ့နေရာချပြင်ဆင်ထားတယ်။ စောင့်ပြီး ပိတ်ထားတာ”လို့ BGFတာဝန်ရှိသူက ပြောပါတယ်။
ဇူလိုင် ၁၅ရက်မှာ ရှောက်ပေါင်းအဖွဲ့က နေရာအမျိုးမျိုးချိန်းပြီး ပိုက်ဆံလာပေးဖို့ပြောဆို၍ ဖမ်းဆီးရေးအတွက် မြို့အနှံံ့ပိတ်ဆို့ထားခဲ့တယ်လို့ ဆိုပါတယ်။
“မနေ့က မြို့တွင်း သံတံတားကနေ ရေပူဘက်ချိန်းတယ်။ ရေပူကနေ မြေနီကုန်းဘက်ကို မောင်းလာခိုင်းတယ်။ နောက်က လိုက်လာရင် ပိုက်ဆံမယူဘဲ သတ်ပစ်မယ်ပေါ့။ ကားနောက်မှာ ရှင်းခါမှ ကားနားမှာ ဆိုင်ကယ်နဲ့ ပိုက်ဆံလာယူပြီးတော့ ဟွန်ဒါဖစ်အပြာရောင်နဲ့မောင်းပြေးတယ်။လူကြီးကလည်းမှာထားတယ်။ တားလို့ မရရင်ပစ်မိန့်ပေးပြီး ခိုင်းထားတယ်။ မောင်းပြေးတော့ ရဲဘော်တွေက ပစ်တာပေါ့။ ကားပေါ်မှာ တေဇာလင်း(ခ) ရှောက်ပေါင်းဆိုတဲ့သူ သေပြီး ကျကျန်ခဲ့တယ်။ ကားပေါ်မှာလည်း DKBAနဲ့ ဆက်စပ်တဲ့ ကတ်ပြားတွေ တွေ့တာပေါ့။ ကျနော်တို့ကသက်ဆိုင်ရာ DKBAအဖွဲ့အစည်းကို အကြောင်းကြားတာပေါ့။ ပိတ်ဆို့ရှာဖွေတယ်။ သတင်းပေးချက်အရ မြို့ပြင်က ခြံတစ်ခြံမှာ ပြန်ပေးဆွဲတဲ့ မြတ်ကို လာပို့ထားတယ်ဆိုပြီး ဖုန်းဆက်လာတယ်”လို့ BGFတာဝန်ရှိသူက ပြောပါတယ်။
တားဆီးပစ်ခတ်မှုအတွင်းမှာ ကြေးစားလူသတ်သမားဆိုသူ ရှောက်ပေါင်းသေဆုံးပြီး အလောင်းကျန်ခဲ့တယ်လို့ ဆိုပါတယ်။ ရှောက်ပေါင်းဟာ နေပြည်တော်က အမျိုးသမီးတစ်ဦးကို ကြေးစားသတ်ဖြတ်သူလို့လည်း စုံစမ်းသိရတယ်လို့ BGFက ဆိုပါတယ်။
မနေ့ညနက်ပိုင်းမှာ မြို့ပြင်က ခြံတစ်ခြံအားစီးနင်းရာ ပြန်ပေးဆွဲခံရသူ ဦးမြတ်ကိုနဲ့ အဲဒီခြံက ပန်းရံအလုပ်သမား နှစ်ဦးသာ တွေ့ခဲ့တယ်လို့ BGFတာဝန်ရှိသူက ပြောပါတယ်။
ပြန်ပေးဆွဲဓားပြတိုက်မှုဖြစ်စဉ်မှာ ရှောက်ပေါင်းရဲ့ ညီဖြစ်သူ သူထူးစံ၊ ဘောကြီး၊ ထွန်းထွန်းလေးနဲ့ တင်ဦးမှာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြဝတီမြို့မှာရှိတဲ့ ရှောက်ပေါင်းရဲ့ ညီဖြစ်သူတစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။
“မြဝတီမြို့မှာ ပြည်သူလူထုရဲ့ လုံခြုံရေးကိုထိခိုက်အောင်လုပ်မယ့် မည်သည့်အဖွဲ့အစည်းကိုမဆို လုံးဝခွင့်မလွှတ်ဘူး ထိရောက်အောင်နှိမ်နှင်းမယ်”လို့ BGFတာဝန်ရှိသူက ပြောပါတယ်။
