ဇူလိုင် – ၂၀ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring
မွန်ပြည်နယ် ၊ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးထောင်ချခံရထားသူ ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ကိုပြည့်စုံအောင် မနေ့ (ဇူလိုင် ၁၉ ) ရက်မှာဆုံးပါးသွားတယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (PPNM) ထံကသိရပါတယ်။
အသက် ၄၄ နှစ်အရွယ် ကိုပြည့်စုံအောင် ဟာ ဇူလိုင် ၁၉ ရက် မေ့မြောခဲ့ပြီးနောက် နေ့ခင်းပိုင်း ၁ နာရီမှာဆုံးပါးသွားတာလို့သိရပါတယ်။
သူဟာ သွေးတိုး၊ဆီးချိုနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ဝေဒနာတွေကိုလည်းခံစားနေရသူဖြစ်ပါတယ်။

Public Service Announcement
အာဏာသိမ်းပြီး တစ်နှစ်နီးပါး အကြာ ၂၀၂၂ ခုနှစ် ၊ဇန်နဝါရီလ ၁ ရက်နေ့မှာ မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ် NLD ပါတီဗဟိုအလုပ်အမှုဆောင် ကိုပြည့်စုံအောင်ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ဆူပူအောင်လှုံ့ဆော်မှု ၅၀၅ (က) ၊ အကြမ်းဖက်ပုဒ်မ ၅၂(က) တို့နဲ့ ထောင် ၆ နှစ်ချခံတာပါ။
ဘီးလင်းမြို့နယ် NLD ပါတီ မြို့နယ်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးကျော်မျိုးမင်း ဟာလည်း ၂၀၂၂ ခုနှစ် ဇွန်လ အတွင်းဖမ်းခံခဲ့ရပြီးနောက် တပတ်ခန့်အကြာမှာတော့ ဘီးလင်းမြို့နယ်ထဲမှာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းပဲပြန်တွေ့ခဲ့ရပါတယ်။
အခုနှစ်အတွင်းမှာ အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှုမရလို့ အသက်ဆုံးပါးရတဲ့ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၃ဦးထိရှိတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဆိုပါတယ်။
ဒီနေ့မှာလည်း အင်းစိန်ထောင်မှာ အကျဉ်းကျခံနေတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ရဲ့ ဗဟိုအလုပ်အမှုဆောင် နိုင်ငံရေးအကျဉ်းသူ အသက် ၂၅ နှစ်အရွယ် မဝတ်ရည်အောင် ဆုံးပါးသွားခဲ့ရပါတယ်။
စစ်တပ်ရဲ့တကျော့ပြန်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွေထဲမှာ လုံလောက်တဲ့ ကျန်းမာရေး ကုသမှုခွင့် နဲ့ ဆေးဝါး မရတာကြောင့် ၂၀၂၃ခုနှစ်ကနေ ၂၀၂၅ခုနှစ် ဇူလိုင်လ ၂၀ရက်အထိအသက်ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသား၊သူ ၆၀ဦးထိရှိလာပြီလို့ PPNM ရဲ့ စာရင်းအရသိရပါတယ်။
