ဇူလိုင်-၂၀၊၂၀၂၅။ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေသည့် ဗလခမှော်အနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ (ဇူလိုင်၂၀ရက်) ညနေ ၃နာရီ ၄၁မိနစ်နှင့် ၃နာရီ ၅၀မိနစ်တွင် ဗုံးကြဲခြင်းဖြစ်ပြီး ကနဦးရရှိသောသတင်းများအရ လူထိခိုက်မှုမရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဖားကန့်ဒေသရှိ ဆွပ်ဘွမ်၊ ဗလခမှော်၊မှော်မောင်းလျှံနှင့် အမှိုက်ပုံကျေးရွာတို့၌ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က ဇူလိုင် ၁၃ရက်၊ ၁၅ရက်၊၁၆ရက်နှင့် ၁၈ရက်ကလည်း လေကြောင်းမှဗုံးကြဲခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့သည်။

Public Service Announcement
” တိုက်ပွဲပုံစံက သေနတ်သံတွေကြားလိုက်၊ ရပ်သွားလိုက်။ လက်နက်ကြီးသံတွေ ကြားလိုက်။ လေကြောင်းက လာပစ်လိုက်နဲ့ ဖြစ်နေတာ။ အဓိကက စစ်ကောင်စီစစ်ကြောင်းလမ်းကြောင်းကို အာရုံစိုက်နေရတယ်”ဟု ဖားကန့်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
လေကြောင်းအန္တရာယ်အပြင် မြေပြင်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများနေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားခဲ့၍ မိုင်းအန္တရာယ်သတိပြုကြရန်လည်း ကချင်လွတ်လပ် ရေးတပ်မတော်(KIA)၊KPDFက သတိပေးထားသည်။
