ဇူလိုင်-၁၂၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၂)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်နဲ့လေကြောင်းအန္တရာယ်ကာကွယ်ရေး ဟောပြောပွဲ စတဲ့ လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်းက ကျေးရွာ ၂ ရွာမှာ ၅/အရတ အရာတော်လူထုသပိတ်နဲ့မြင်းမူမြို့နယ် သပိတ်အင်အားစုတို့ ပူးပေါင်းပြီး လေကြောင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြပါတယ်။
ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီ၊ ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနဲ့အတူ ဒေသခံ မိဘပြည်သူတို့က စစ်အာဏာရှင်ဆန့်ကျင်ရေးအလံမလိပ်အသံမတိတ်လူထုလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး တောင်ယာသပိတ် ဆင်နွှဲခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းမှာ တော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ်တွေကိုနေ့စဉ်ပြုလုပ်နေပါတယ်။
(ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ကလေးမြို့နယ်သပိတ်)
