ဇူလိုင်-၁၂၊ ၂၀၂၅။ ရဲခေါင်/People’s Spring
ယခုနှစ်ခြောက်လအတွင်း စစ်ကောင်စီက ပေါ်တာဆွဲ ဖမ်းဆီးခဲ့သူ ၂,၉၀၀ ခန့်ရှိကြောင်း စစ်ရာဇဝတ်မှုများကို မှတ်တမ်းတင်နေသည့် Spring Revolution Database က ယနေ့ ထုတ်ပြန်သည်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ မှ ဇွန်လအတွင်း အရပ်သားပြည်သူ ၂,၈၇၆ ဦးကို ဖမ်းဆီးခဲ့ခြင်းဟု ဖော်ပြသည်။
ထိုအနက် ကျေးရွာများတွင် ဖမ်းဆီးခံရသူ ၁,၃၀၆ ဦး၊ မြို့ပြတွင် ဖမ်းဆီးခံရသူ ၁,၂၉၈ ဦးနှင့် လမ်းခရီးတွင် ဖမ်းဆီးခံရသူ ၂၇၂ ဦးရှိသည်ဟု ဆိုသည်။

Public Service Announcement
ပြီးခဲ့သည့် ဇူလိုင် ၄ ရက်က အလုပ်ညဆိုင်းဆင်းရန် သွားသည့် ရပ်ကွက်နေလူငယ်တစ်ဦး ပျောက်နေရာမှ ယခုရက်ပိုင်းတွင် အဆက်အသွယ်ရရှိခဲ့ရာတွင် ရန်ကုန်မြို့ရှိ စစ်သားစုဆောင်းရေးတပ်ထဲသို့ ရောက်ရှိသွားကြောင်း မရမ်းကုန်းမြို့နယ် ၅ ရပ်ကွက်၌ နေထိုင်သူတစ်ဦးက အသိပေးသည်။
“ရန်ကုန်မှာက နေတိုင်းကို ဆွဲနေတာ။ နီးစပ်ရာ မေးလိုက်ရင် ဒါပဲ။ ဖမ်းခံရတဲ့ အကုန်လုံးနီးနီးက လူငယ်တွေများတယ်”ဟု အင်းစိန်မြို့နယ်နေထိုင်သူတစ်ဦးက ၎င်းကြားသိနေရသည်ကို ရှင်းပြသည်။
၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီသည် အရပ်သားပြည်သူ ၁၁,၇၅၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း Spring Revolution Database က ဖော်ပြထားသည်။
အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ယမန်နှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထို့နောက် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စစ်သားစုဆောင်းပေးခဲ့ပြီး နေရပ်စွန့်ခွာလူငယ်များစွာရှိလာခြင်းနှင့် အတူ နောက်ပိုင်းတွင် လူသစ်စုဆောင်း၍ မရသောကြောင့် စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ပျူစောထီးများက အမျိုးသားများကို အဓမ္မဖမ်းဆီးနေခြင်းဖြစ်သည်။
လက်ရှိ စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၅ ဖွင့်လှစ်နေပြီး အပတ်စဥ် တစ်ခုလျှင် လူ ၅,၀၀၀ ပြည့်မီကြောင့် ဝါဒဖြန့်ထားသည်။
လူသစ်စုဆောင်း၍ မရသဖြင့် တပ်သားသစ်လိုအပ်ချက် ကြီးမားနေသော စစ်ကောင်စီသည် ယခင်လို ငွေညှစ်ပြီး ပြန်လွှတ်ပေးခြင်း၊ ငွေဖြင့် လူစားထိုးခြင်း၊ ရပ်ကျေးများမှ မဲနှိုက်ရွေးချယ်ခြင်းများ မရှိတော့ဘဲ ၎င်းတို့၏ တပ်ရင်းစခန်းများအတွင်းသို့ တိုက်ရိုက်ပို့ဆောင်ပြီး တပ်သားသစ်အဖြစ် စုဆောင်းနေကြောင်း MDY REVOLUTION က အသိပေးထားသည်။
