ဇူလိုင် ၈၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၈)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး နဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကာကွယ်ရေး ဆန္ဒပြတဲ့ သပိတ် လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြီး “ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင်စိတ်ဓာတ် ဆက်လက်ကိုင်ဆွဲကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ကြ” အစရှိတဲ့ ဘန်နာစာတန်းတွေကို ကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း ချီတက်ခဲ့ပါတယ်။
မုံရွာ-အမြင့်လမ်းမှာလည်း သပိတ်ဦးဆောင်ကော်မတီနဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)တို့ ပူးပေါင်းကာ လေကြောင်းအန္တရာယ် ကျရောက်ချိန်မှာ ဆောင်ရန်ရှောင်ရန်တွေကို အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement
ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီကလည်း ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနဲ့အတူ ဒေသခံပြည်သူတွေနဲ့ “အလံမလိပ် အသံမတိတ် လူထုလှုပ်ရှားမှု”တရပ်ကိုပြုလုပ်ခဲ့ကြပါတယ်။
“လုထုတေးသံကိုလေ ခံစား ၊ဒေါသပြည့်လွှမ်းနေတဲ့ တေးသံ ၊ဖိနှပ်မှုဒဏ်ကို ဆက်ပြီး သည်းမခံတော့မယ် ဒို့ပြည်သူတွေအသံ ” ၊ “အလံနဲ့ အသံကိုနားစွင့်ကြ လူထုတိုက်ပွဲအောင်လံတော်က နေရာတိုင်းမှာ ရှိမယ် လွှင့်ထူမယ်” စတဲ့ကြွေးကြော်သံတွေ ကိုင်တောင်ဆန္ဒပြကြပါတယ် ။
တနင်္သာရီတိုင်းမှာလည်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ ဦးဆောင်ကာ ဆဲဗင်းဂျူလိုင်သမိုင်း အကြောင်း ဟောပြောခြင်း၊ ဆဲဗင်းဂျူလိုင်သမိုင်းရုပ်ရှင်ပြသခြင်းနဲ့ တော်လှန်ရေးရုပ်ရှင်ပြသခြင်း စတဲ့ အစီအစဉ်တွေ ပြုလုပ်ခဲ့ပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ABFDS ၊ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ
