စစ်ကောင်စီ၏ဝါဒဖြန့် သက်ရှိစည်းရိုးဇာတ်ကား၌ အသက်မသေမချင်း စခန်းမစွန့်ရန် ခန့်စည်သူက ပြောဆိုခဲ့သော်လည်း အရာရှိ အပါအဝင်တပ်ဖွဲ့ဝင် ၁၀၀ခန့် ထိုင်းဘက် ထွက်ပြေး
ရက်ပေါင်း ၅၀အတွင်း မြ၀တီဒေသရှိ နယ်စပ်စခန်း ၈ခုကို KNU ပူးပေါင်းတပ်သိမ်းပိုက်ခဲ့
ဇူလိုင် ၁၂၊၂၀၂၅။ထားမြတ်/People’s Spring
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် မြန်မာ-ထိုင်းနယ်စပ်၌ ကျန်နေသည့် စစ်ကောင်စီတပ်စခန်းတခုဖြစ်သော ဥကရစ်ထစခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်က ယနေ့(ဇူလိုင် ၁၂)တွင် သိမ်းပိုက်လိုက်ပြီဖြစ်သည်။

Public Service Announcement
ဥကရစ်ထ တပ်စခန်းမှ စစ်ကောင်စီတပ်သားများ ဇူလိုင် ၁၂ရက် နေ့လည်တွင် စခန်းစွန့်ထွက်ပြေးသွားခြင်းဖြစ်ဟု KNU သတင်းရင်းမြစ်က ပြောသည်။
“ရန်သူတော့ ထွက်ပြေးကုန်ပြီလို့ ပြောတယ်။ ဒါပေမဲ့ စခန်းတော့မရှင်းရသေးဘူး။ သူတို့က မိုင်းတွေဘာတွေ ထောင်တာကိုး။ သူတို့ မခံနိုင်လို့ ထွက်ပြေးတာ နေ့လည်တုန်းက အဲဒီလိုတော့ ကြားတယ်။ ကိုယ်လူတွေ နေရာတက်ရှင်းဖို့က အပြီးမသတ်သေးဘူး”ဟု KNU သတင်းရင်းမြစ်က ပြောသည်။
ဥကရစ်ထတပ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သေဆုံးထိခိုက်၊ စစ်သုံ့ပန်းရရှိမှုနှင့် လက်နက်ခဲယမ်းရရှိမှု အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ဥကရစ်ထ စခန်းမှ စစ်ကေငာ်စီတပ်ဖွဲ့င် ၁၀၀ခန့် ထိုင်းဘက် ထွက်ပြေးလာကြောင်းလည်း ယနေ့တွင် ထိုင်း မီဒီယာများက ဖော်ပြသည်။
KNU ပူးပေါင်းတပ်များ ယနေ့ သိမ်းပိုက်နိုင်ခဲ့သည့် ဥကရစ်ထ တပ်စခန်းသည် ၂၀၂၄က ကျင်းပခဲ့သော စစ်ကောင်စီတပ်၏ (၇၉)နှစ်မြောက် တပ်မတော်နေ့အတွက် ဂုဏ်ပြု ဇာတ်လမ်းရိုက်ကူးရာတွင် ဥကရစ်ထစခန်းကို ဇာတ်အိမ်တည်ဆောက် ရိုက်ကူးခဲ့သည်။

၂၀၂၂ တွင် တော်လှန်ရေးတပ်များက ဥကရစ်ထစခန်းသိမ်း တိုက်ပွဲဆင်နွှဲရာ စစ်ကောင်စီက လေကြောင်းအပြင်းအထန်ခုခံခဲ့၍ စခန်းသိမ်းတိုက်ပွဲ မအောင်မြင်ခဲ့ပေ။ ယင်း အခြေအနေကို စစ်ကောင်စီက ဝါဒဖြန့် ဇာတ်ကား ရိုက်ကူးခဲ့ရာ ဝါဒဖြန့် ဇာတ်ကားများ ရိုက်ကူးပေးနေသည့် ခန့်စည်သူက စစ်ကောင်စီတပ်၏ တပ်ကြပ်ကြီးအဖြစ် အဓိကသရုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲ၌ သေဆုံးခဲ့သည်။
” ဒီစခန်းမှာရှိတဲ့ သက်ရှိစည်းရိုးတွေကျသွားရင် နောက်ထပ်သက်ရှိစည်းရိုးတွေရောက်လာမယ်။ အဲဒီ သက်ရှိစည်းရိုးတွေ ကျသွားရင်ဆိုလိုတာက မင်းတို့ ငါတို့ စစ်သားတွေမရှိတော့ဘူးဆိုရင် ဒီစခန်းမရှိတော့ဘူး။ဥကရစ်ထဆိုတာလည်းမရှိတော့ဘူး။”ဟု ဥကရစ်ထ စခန်းတိုက်ပွဲတွင် သေဆုံးခဲ့သည့် ခန့်စည်သူက ပြောဆိုခဲ့သည်။
ရန်သူများ ဥကရစ်ထစခန်းအတွင်း ဝင်မလာနိုင်ရေး အသက်စွန့်တိုက်ရန်၊ အသက်ရှင်နေလျက် ရန်သူကို အရှုံးမပေးရန် ခန့်စည်သူက ဝါဒဖြန့်ဇာတ်ကား၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြောကြားခဲ့သော်လည်း လက်တွေ့မြေပြင်တိုက်ပွဲ ဖြစ်ပွားနေသည့် ယနေ့ ဇူလိုင် ၁၂ရက်တွင် စစ်ကောင်စီတပ် အရာရှိအပါအဝင် စစ်ကောင်စီတပ်သားအများအပြား ထိုင်းဘက်သို့ ထွက်ပြေးသွားခဲ့သည်။
ယနေ့ ဥကရစ်ထစခန်းသိမ်းပိုက်အပြီးတွင် ကော်ဘရာ စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘော ဦးဆောင်သည့် တော်လှန်ရေးရဲဘော်များက ဥကရစ်ထစခန်းသို့ ရောက်ရှိ နယ်မြေရှင်းလင်းနေသည့် ရုပ်သံကိုလည်းတွေ့ရသည်။
” ဒီကောင် ခန့်စည်သူရုပ်နဲ့တူတယ်။ ဒီမှာ ခန့်စည်သူ…။ ပစ္စည်းတွေ သေချာလိုက်ကောက်။ ဆန်အိတ်မယူနဲ့ ဆန်အိတ်မလိုဘူး။ လက်နက်တွေပဲ ယူ”ဟု ကော်ဘရာ စစ်ဆင်ရေးမှူးက ပြောကြားသံကို ရုပ်သံမှတ်တမ်း၌ ကြားရသည်။
KNLA ဦးဆောင်သောပူးပေါင်းတပ်များကဥကရစ်ထစခန်းအားသိမ်းပိုက်ပြီး ကရင့်အမျိုးသားအလံတော်အားလွှင့်ထူ ခဲ့ဟု ကော်ဘရာ စစ်ကြောင်း စစ်ကြောင်း (၂)က ယနေ့ညတွင် ထုတ်ပြန်သည်။
မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေ ကားလမ်းဘေးရှိ စစ်ကောင်စီ၏ ဥကရစ်ထစခန်းအား ယနေ့နေ့လယ်တွင် ဗိုလ်ဒါဘော ဦးဆောင်သော ဗျူဟာ (၃၂)၊ KNLA တပ်ပေါင်းစုနှင့်အတူ မိမိတို့ Cobra Column 2 VENOM စစ်ကြောင်းမှ ရွပ်ရွပ်ချွံချွံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ဟု ဖော်ပြကာစခန်းအတွင်း လက်နက်အများအပြားသိမ်းဆည်းရရှိခဲ့ပြီး စကစတပ်သား အလောင်းအချို့တွေ့ရှိခဲ့ဟု အသိပေးသည်။
ကျန်ရှိနေသော စစ်ကောင်စီတပ်စခန်းများကိုလည်း အစွမ်းကုန်တိုက်ထုတ်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြရန် တောင်းဆို ကြောင်း Cobra Column2 VENOM သတင်းနှင့်ပြန်ကြားရေးက ဖော်ပြသည်။
ဥကရစ်ထ တပ်စခန်းသိမ်းပိုက်နိုင်ပြီဖြစ်၍ အဆိုပါဒေသ၌ ဝေါ်လေဗျူဟာနှင့် တိသဲလယ် ကာကင်းစခန်းသာ ကျန်တော့သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။
KNU ပူးပေါင်းတပ်သည် ကျနေသေးသည့် စစ်ကောင်စီ၏ ဝေါ်လေဗျူဟာကို သိမ်းပိုက် နိုင်ရေးအတွက်လည်း ဝိုင်းပတ်ပိတ်ဆို့ပြီး ဒရုန်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု သတင်းရင်းမြစ်က ပြောပြထားသည်။
KNUနှင့် တော်လှန်ရေး ပူးပေါင်းတပ်သည် မေလ နောက်ဆုံးပတ်မှစ၍ မြ၀တီမြို့နယ်ရှိ နယ်စပ် စစ်ကောင်စီ တပ်စခန်းများ တခုပြီးတခု တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာ ရက်ပေါင်း ၅၀ အတွင်း စစ်ကောင်စီ တပ်စခန်း ၈ခုကိုသိမ်းပိုက်ထားပြီးဖြစ်သည်။
မေလ ၂၃ရက်နောက်ပိုင်းတွင် စစ်ကောင်စီ၏ ဘလယ်ဒို၊ ကနဲလေး၊ ရွှေအေးမြိုင်၊ ဘုရင့်နောင်၊ မော်ခီး၊ သေ့ဘောဘိုး၊ထိကလယ်ပယ်၊ ဥကရစ်ထ တပ်စခန်း များကိုသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တပ်စခန်းများသိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာသိမ်းပိုက်ရရှိခဲ့သည်။ ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာလည်း ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
