ဇူလိုင်-၁၂၊ ၂၀၂၅။ရဲခေါင်/People’s Spring
မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၄)ဆီ ဦးတည်နေသည့် စစ်ကောင်စီစစ်ကြောင်းအားတိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း အညာမြေတပ်ပေါင်းစုက ယနေ့(ဇူလိုင် ၁၂ရက်) ထုတ်ပြန်သည်။
မေလ ၃၁ရက်ကတည်းက ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)မှ စတင်ထွက်ခွာလာသော စစ်ယာဉ် တန်း (၁၂၀)ခန့်နှင့် စစ်ကောင်စီတပ်အင်အား ၁,၀၀၀ ခန့်ပါ စစ်ကြောင်းကို ကမ္မမြို့ ပေါ်၌ တပ်စွဲနားနေစဥ် သုံးရက်ဆက်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်သား ၁၀ဦးခန့်ထိခိုက်မှုရှိကြောင်း အညာမြေတပ်ပေါင်းစု တာဝန်ရှိသူက အသိပေးသည်။

Public Service Announcement
“ဇွန် ၂၁၊၂၃၊၂၅ရက်တွေက တိုက်ခိုက်ခဲ့တာ။နယ်မြေအခြေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် အခုမှထုတ်ရတာ။ဒါတောင် စခတွေက ကမ္မထဲမှာရှိနေပါသေးတယ်”ဟု အညာမြေတပ်ပေါင်းစု တာဝန်ရှိသူက တိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်ကို လူထုနွေဦးသို့ ရှင်းပြသည်။
လက်ရှိစစ်ကောင်စီစစ်ကြောင်းနှင့် စစ်ယာဉ်တန်းများသည် ပခုက္ကူမြို့နယ်၊ကမ္မမြို့မှ သာကြီတောင်၊ တပ်မတောင်နှင့် ပေါက်မြို့နယ် တလျှောက် တပ်ဖြန့်ရွေ့လျားနေကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြ ဒသည်။
ထိုမှတဆင့် ကပစ (၂၄)သို့ ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းထားပြီး စစ်ကြောင်းရွေ့လျားရာ ကျေးရွာအသီးသီးရှိ ဒေသခံပြည်သူ ရာနှင့်ချီဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။
စစ်ကောင်စီတပ်သည် ကမ္မမြို့ပေါ်ရှိ လူနေအိမ်များ၊ ဈေးဆိုင်များ၊ ဖုန်းဆိုင်များမှ အဖိုးတန်ပစ္စည်းများအား ယူဆောင်ခြင်း၊ ဖျက်ဆီးခြင်းများနှင့် ပြည်သူများအား ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။
စစ်ကောင်စီတပ်အား ဒရုန်း၊ဗုံသီးများဖြင့် တိုက်ခိုက်မှုကို အညာမြေတပ်ပေါင်းစုနှင့်အတူ ဂဠုန်ပြောက်ကျားတပ်(Garuda Secret Force)Black Cheetah၊ ဒေါင်းသွေးနီပြောက်ကျား၊ မြိုင် ပကဖ၊ ဗိုလ်အောင်ကျော် (RG)၊ကိုရေခဲနှင့် ကိုဗလဦးဆောင်သောလူငယ်ပြောက်ကျားတပ်ဖွဲ့၊ ဂျင်လေး (Pl PDf) စသော မဟာမိတ်တပ်ဖွဲ့များပူးပေါင်းခဲ့ကြောင်း သိရသည်။
လက်ရှိ ကပစ(၂၄)သို့ ဦးတည်နေသည့် စစ် ကောင်စီစစ်ကြောင်းတွင် အမှတ်(၁၀၁)ခြေမြန် တပ်မဌာနချုပ်လက်အောက်ခံ ခြေလျင်တပ်ရင်းများဖြစ်သည့် ခလရ(၂၅၁၊ ၁၅၂၊၂၅၄၊၂၅၇၊၂၅၈၊၂၅၉၊ ၂၃၅)တပ်ရင်း၊ ပြည်သူ့စစ်သင်တန်းအပတ်စဉ် (၅၊၆၊၇၊၈၊၉)မှ သင်တန်းဆင်းများလည်းပါဝင်ပြီး တပ်မ(၁၀၁)ဒုတပ်မမှူးဦးဆောင် နေခြင်းဟု တော်လှန်ရေးအင်အားစုများက ပြောထားသည်။











































