ဇူလိုင်-၁၂၊၂၀၂၅။People’s Spring
စစ်ကောင်စီက သက်ရှိစည်းရိုးလို့ ဝါဒဖြန့်စစ်ကား ဇာတ်လမ်းရိုက်ခဲ့တဲ့ မြန်မာ-ထိုင်းနယ်စပ် ဥကရစ်ထ စစ်တပ်စခန်းက တပ်ရင်းမှူးအပါအဝင် ၈၉ဦးဟာ ထိုင်းနိုင်ငံထဲကို ထွက်ပြေးဝင်ရောက်သွားတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ထိုင်းနိုင်ငံထဲကို ဦးဆောင်ထွက်ပြေးသွားတဲ့ ဥကရစ်ထတပ်စခန်းရဲ့ တပ်ရင်းမှူးဟာ ဒဏ်ရာအပြင်းအထန်ရပြီး မဲဆောက်ဆေးရုံမှာ ဆေးကုသနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“တပ်ရင်းမှူးက ဆေးကုနေတယ်။ အမည်တွေ ဘာတွေတော့ မသိရသေးဘူး။ စခန်းကလည်း အကုန်တော့ ရှင်းမပြီးသေးဘူး ထင်တယ်”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement
ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေက စစ်ကောင်စီရဲ့ သက်ရှိစည်းရိုးလို့ ရည်ညွှန်းတဲ့ ဥကရစ်ထတပ်စခန်းကို နောက်တစ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်တာ ဖြစ်ပါတယ်။
ဥကရစ်ထတပ်စခန်းကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီး တစ်လပြည့်ချိန် ဒီကနေ့မှာပဲ ဥကရစ်ထတပ်စခန်းကို အပြီးသတ်သိမ်းပိုက်ရခဲ့ပါတယ်။
ဥကရစ်ထတပ်စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ကော်ဘရာစစ်ကြောင်း(၁)စစ်ကြောင်းမှူး စောကော်ကတော့ “ သက်ရှိစည်းရိုးကြီးကတော့ သွားကြားထိုးတံဖြစ်သွားပါပြီ။ တော်လှန်ညီကိုမောင်နှစ်မတွေနဲ့ တော်လှန်ပြည်သူတွေရဲ့ စည်းလုံးမှုကြီးကတော့ တကယ့်ကိုအံ့မခမ်းပါပဲ”လို့ ရေးသားအသိပေးထားပါတယ်။
