ဇူလိုင်-၂၊ ၂၀၂၅။ ထားမြတ်/People’s Spring
ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF)ဟွာလ်ငိုရမ်နှင့် ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)တို့အကြား ယနေ့တွင် တိုက်ပွဲ သုံးနေရာထက်မနည်းဖြစ်ပွားနေသည်ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။
CDFဟွာလ်ငိုရမ်ဂိတ်စခန်းနေရာသို့ CNO/CNDFတပ်များက ဇူလိုင် ၂ရက်တွင် စတင်တိုက်ခိုက်လာခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။
“အခုလည်းတိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်။ အတိအကျ အသေးစိတ်တော့ မသိရသေးဘူး။ ကျေးရွာသုံးရွာလောက်မှာ တိုက်ပွဲရှိတယ်တဲ့။ CNO/CNDF တွေက ဖလမ်းမြို့နယ်ထဲမှာ တခြားလက်နက်ကိုင်ရှိတာ မကြိုက်ဘူးတဲ့။ ဒါပေမဲ့ CDF ဟွာလ်ငိုရမ်တွေက သူတို့ မျိုးနွယ်စုရွာပေါင်း ၅၀ ကျော်လောက်သူတို့ကအုပ်ချုပ်တာအရင်ကတည်းက ရှိပြီးသားဖြစ်တယ်။သူတို့လည်းခုခံတာပေါ့။ အဲဒါကို CNO/CNDFတွေက CDF ဟွာလ်ငိုရမ်ဂိတ် ကွက်ဆိမ်လို့ခေါ်တယ် အဲဒါကို သွားစဖြစ်တာပေါ့။ အခုထိလည်းတိုက်ပွဲရှိတယ်ဆိုတော့ အတိအကျ အသေးစိတ် ပြောလို့မရသေးဘူး” ဟုCDF ဟွာလ်ငိုရမ် နှင့် နီးစပ်သောချင်းသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီကတိုက်ပွဲဖြစ်ပွားရခြင်းမှာဖလမ်းမြိုနယ်၊သီးကျစ်(Ticirh) ကျေးရွာသို ခရီးတစ်ထောက် ရောက်ရှိနေသော CNDF တပ်ဖွဲဝင်များအား CDF ဟွာလ်ငိုရမ်က လာရောက်ဝိုင်းရံ ပိတ်ဆို့ စတင်ပစ်ခတ်ခဲ့၍ တိုက်ပွဲများဖြစ်ပွားခြင်းဖြစ်ကြောင်း အသိပေးသည်။ CNDF တပ်ဖွဲဝင်အချို့သည် စိုးမိုးနယ်မြေများအတွင်း နယ်မြေလုံခြုံရေးအတွက် နယ်လှည့်ရာ ဇွန်လ (၃၀)ရက်က သီးကျစ်ရွာသို့ ရောက်ရှိစဉ် CDF ဟွာလ်ငို တပ်ဖွဲ့များ ရောက်လာပြီး ထွက်ခွာရန် ရာဇသံပေးခဲ့ခြင်းဖြစ်ကြောင်းဆလိုင်းတင်မီ၏ အသိပေးချက်တွင်ပါရှိသည်။
ညှိနှိုင်းစဉ် CDF ဟွာလ်ငိုဘက်က စတင်ပစ်ခတ်၍ တိုက်ပွဲဖြစ်ခဲ့ဟုလည်းအသိပေးသည်။ အသေးစိတ်မေးမြန်းရန် ဆလိုင်းတင်မီထံသို့People’s Spring ကဆက်သွယ်နေဆဲဖြစ်သည်။
မြေပြင်ရှိ CNO/CNDF နှင့်နီးစပ်သည့် သတင်းရင်းမြစ်တဦးကလည်း“ဖလမ်းမြို့နယ်ထဲက Ticirh ကျေးရွာမှာ CNDF ရဲဘော်တွေခရီးတထောက်နား၊ ကျေးရွာကထမင်းချက်ကျွေးတာစားဖို့လုပ်နေတုန်း Puitea (ပွေးသယ်) ကိုယ်တိုင်ဦးစီးတဲ့CDF-Hualngoram (ဟွာငိုးရမ်)ကလာရောက်ဝိုင်းပြီးတော့ဇူလိုင် ၁ ရက် ညနေ ၅ နာရီ မတိုင်ခင်မထွက်ရင် ပစ်မယ်ဆိုပြီး ရာဇသံပေးလာတာပါ။နောက် ညှိကြရင်းသူတို့ဘက်ကစပစ်လို့ကျွန်တော်တို့က ထိုးစစ်တခါတည်းဆင်လိုက်တာပါ။သူတို့ဝိုင်းပြီး သူတို့စပစ်တာဖြစ်ပါတယ်”ဟု ပြောသည်။
သီးကျစ်ရွာသည် CNO/CNDFကို ရွာလုံးကျွတ်အားပေးသည့်ရွာဖြစ်ပြီးCNO ထိန်းချုပ်စိုးမိုးနယ်မြေ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။CNO/CNDF ပါဝင်သည့်ချင်းညီနောင်သည် မဟာမိတ်များနှင့်ပူးပေါင်းပြီး ဖလမ်းမြို့ကို ဧပြီလက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီအဖွဲ့ဝင် တပ်များသည် ယခင်ကတည်းက နယ်မြေဆိုင်ရာ အငြင်းပွားမှုများ ရှိနေခြင်းဖြစ်သည်။
“ချင်းလူမျိုးတွေက မျိုးနွယ်စုများတယ်ဆိုတော့ ဖလမ်းမြို့နယ်ထဲမှာလည်း မျိုးနွယ်စုများတယ်” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။
ချင်းလက်နက်ကိုင်အချင်းချင်းအကြား ပစ်ခတ်နေမှုများအပေါ်လက်မခံကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။
“ဘယ်သူပဲဖြစ်ဖြစ် အကြမ်းဖက်စစ်ကောင်စီပဲ တိုက်ခိုက်တာဖြစ်တဲ့အတွက်ကြောင့် အဲဒါကို ဦးစားပေးမှာ ဖြစ်ပါတယ်။ အခု မျိုးနွယ်စုကိစ္စတွေကတော့ နောက်ပိုင်း စားပွဲပေါ်မှာ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီလည်း မနိုင်သေးဘဲနဲ့ အခု စစ်ကြောင်စီ စစ်ကြောင်းလည်း ကလေးဘက်ကနေ အင်အားအလုံးအရင်းနဲ့ လာတက်နေဆဲဖြစ်တယ်။ အဲဒီအချိန်မှာ မျိုးနွယ်စု အကြားမှာ တခြားမျိုးနွယ်စုမှ တခြားမျိုးနွယ်စုကို အုပ်ချုပ်ဖို့ အတင်းအဓမ္မနဲ့လုပ်ဆောင်တာက လက်မခံဘူးပေါ့” ဟု ချင်းသတင်းရင်းမြစ်ကပြောသည်။
ကလေးအခြေစိုက် စစ်ကောင်စီတပ်သည် မေလ ၁၈ရက်မှစ၍ တီးတိန်မြို့နှင့် ချင်းညီနောင်သိမ်းထားသည့် ဖလမ်းမြို့ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာရာ လက်ရှိတွင် တီးတိန်မြို့နယ် မွှာလ်ပီးကျေးရွာ ဝန်းကျင်၌ တိုက်ပွဲများဖြစ်ခဲ့သည်။အဆိုပါ စစ်ကြောင်းကို ချင်းပြည်ကောင်စီ ဒေသခံ ချင်းကာကွယ်ရေးတပ်များနှင့် ချင်းညီနောင်အဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်များအတူပူးပေါင်းတိုက်ခိုက်နေခြင်းလည်းဖြစ်သည်။
တဖက်တွင် ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်တို့သည် ချင်းအမျိုးသားပြန်လည်ပေါင်းစည်းရေး ဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်းမှုအချို့ ရှိနေသော်လည်း နှစ်ဖက်တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲနှင့် ပြဿနာအချို့ ရှိနေခြင်းဖြစ်သည်။
