ဇူလိုင်-၇၊၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တဂိတ်အနီးကပ်ပစ်ခတ်ခံရပါတယ်။
ဇူလိုင် (၇) ရက်၊ နေ့လယ် ၁ နာရီခွဲခန့်က မုံရွာမြို့တောင်ပိုင်း၊ကားကြီးကွင်းအနီးကဒေသခံအခေါ် ရေဦးဂိတ်မှာအထိုင်ချထားတဲ့စစ်အုပ်စုကို ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်ပစ်ခတ်သွားတာလို့ မြို့ခံတွေက ပြောပါတယ်။
အဲဒီဂိတ်ဟာ ပြည်သူတွေကို ခြိမ်းခြောက်စစ်ဆေး ငွေညှစ်နေလို့ မီတာ ၃၀အကွာကနေအနီးကပ်သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ The Phoenix Army အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
“အင်အား၃၀လောက်ရှိတယ်။ ဂိတ်ကတော့ အထိခိုက်အသေဆုံးကတော့မသိရသေးဘူး”လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။
ပစ်ခတ်သံတွေကို ကြားလိုက်ရပြီး ကြောက်လို့ ထွက်မကြည့်ရဲသေးဘူးလို့ မြို့ခံတဦးက ပြောပါတယ်။
“အဲဒီဂိတ်ကအပစ်မခံရတာကြာပြီ။မနေ့ကပဲအဲဒီဂိတ်ကကားပေါ်ကခရီးသည်တွေကိုဆွဲချတယ်ပြောတယ်။”လို့ မုံရွာမြို့ခံ အမျိုးသားတဦးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကိုThe Phoenix Army နဲ့ ဗန္ဓုလနှင့်အဖွဲ့သားများက ပူးတွဲလုပ်ခဲ့တယ်လို့ သိရပါတယ်။စစ်အုပ်စုထိခိုက်မှုရှိမရှိ လူထုနွေဦးက အတည်မပြုနိုင်သေးပါဘူး။
စစ်အုပ်စု ပစ်ခတ်ခံရပြီးနောက် မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်က ကားတွေနဲ့လှည့်လည်စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မုံရွာမြို့နယ်ဟာတော်လှန်ရေးအားကောင်းတာကြောင့်မြို့ပေါ်မှာ စစ်ကောင်စီတပ်က နေ့စဥ် ဂိတ်ပေါင်းများစွာနဲ့ စစ်ဆေးဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့မြို့ခံတွေဆီကနေသိရပါတယ်။
