ဇူလိုင် ၇၊၂၀၂၅။ သုည/People’s Spring
ဒီကနေ့ (ဇူလိုင် ၇)မှာ ကျရောက်တဲ့ (၆၃)နှစ်မြောက် ဆဲဗင်း ဂျူလိုင် အထိမ်းအမှတ်နေ့အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို နိုင်ငံတဝန်းက သပိတ်အဖွဲ့တွေကပြုလုပ်ခဲ့ကြပါတယ်။
ရန်ကုန်မြို့ လူစည်ကားရာ YBS ဘက်စ်ကားနဲ့ မှတ်တိုင်တွေမှာ ( ၇.၇.၆၂ “ဆဲဗင်း ဂျူလိုင် သွေးကြွေးဆပ်၊ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်” ) စာသားပါ စတေကာတွေ ကပ်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ရွှေရေကြည်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီနဲ့ သွေးမအေးတဲ့ရွှေနွယ်သွေးသပိတ်တို့ ပူးပေါင်းကာ သမဂ္ဂအဆောက်အဦး ဖြိုချဖျက်စီးခံခဲ့ရပြီး ကျောင်းသားများစွာ သွေးမြေကျခဲ့ရတဲ့ ၇ ဇူလိုင် ကျောင်းသားအရေးအခင်း ၆၃နှစ်ပြည့်အဖြစ် “၇.၇.၆၂မမေ့ကြနဲ့” စာသားကိုင်စွဲကာ တပ်ပေါင်းစု သပိတ်ကို ချီတက်ခဲ့ကြပါတယ်။

Public Service Announcement
ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီကလည်း ဆဲဗင်းဇူလိုင်ကျောင်းသားအရေးတော်ပုံ နိုင်ငံတော်အဆင့်လုပ်ကြံခံရမှုအား အောက်မေ့သတိရတဲ့အထိမ်းအမှတ် လှုပ်ရှားမှုကို၊ကလေးဒေသ နေရာအနှံမှာပြုလုပ်ခဲ့ပါတယ် ။
ယင်းမာပင်မြို့နယ်အတွင်း ကျေးရွာတစ်ရွာမှာလည်း တော်လှန်ပြည်သူတွေနဲ့အတူ လူငယ့်အားမာန်သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ 7 July အရေးခင်း ၆၃နှစ်ပြည့် အထိမ်းအမှတ် စစ်အာဏာရှင်ကျရှုံးရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
မကွေးတိုင်း၊ပခုက္ကူမြို့နယ်အတွင်း တစ်နေရာမှာလည်း ပခုက္ကူလူထုတိုက်ပွဲကော်မတီ (PPRC) နဲ့ ဒေသခံကျောင်းသား မိဘပြည်သူတွေ ပူးပေါင်းကာ (၆၃)နှစ်ပြည့် ဆဲဗင်းဂျူလိုင်အခမ်းအနားနဲ့ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
မြိုင်မြို့နယ်မှာလည်း ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နဲ့ အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)တို့ ပူးပေါင်းပြီး ဆဲဗင်းဂျူလိုင်နေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားတရပ်ကို ကျင်းပခဲ့ပါတယ်။
တနင်္သါရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း ၆၃ နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ အထိမ်းအမှတ်အနေနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
အဲဒီလှုပ်ရှားမှုကို ဆဲဗင်းဂျူလိုင်အရေးတော်ပုံမှာ ပါဝင်ခဲ့ကြတဲ့ နောင်တော် ကျောင်းသူ/သားများကို ဂုဏ်ပြုတဲ့အနေဖြင့် “ဆဲဗင်းဂျူလိုင်စိတ်ဓါတ် ကိုင်စွဲ၊ စစ်ပလ္လင်ကို ဒေါင်းအလံနဲ့ ဖြိုလှဲ” ခေါင်းစဥ်နဲ့ ပြုလုပ်ခဲ့ပါတယ်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်လမ်းလျှောက်ခဲ့ကြတဲ့အပြင် ဆဲဗင်းဂျူလိုင်အရေးတော်ပုံအပါအဝင် ခေတ်အဆက်ဆက် ဒီမိုကရေစီလှုပ်ရှားမှုအတွင်း ကျဆုံးခဲ့ရသူတွေကို အလေးပြုတာ၊ လွမ်းသူပန်းခွေချတာ၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကဗျာရွတ်ဖတ်တာတွေလည်း ပြုလုပ်ခဲ့ပါတယ်။
သရက်ချောင်းမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ ဦးဆောင်ပြီး ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ အထိမ်းအမှတ်အနေနဲ့ “ဆဲဗင်းဂျူလိုင်စိတ်ဓါတ် ကိုင်စွဲ၊ စစ်ပလ္လင်ကို ဒေါင်းအလံနဲ့ ဖြိုလှဲ” စာသားကိုင်ဆွဲကာ ဆန္ဒပြခဲ့ပါတယ်။
ယင်းလှုပ်ရှားမှုကို ဆဲဗင်းဂျူလိုင်အရေးတော်ပုံမှာ ပါဝင်ခဲ့ကြတဲ့ နောင်တော် ကျောင်းသူ/သားများကို ဂုဏ်ပြုတဲ့အနေဖြင့် ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သပိတ်ကော်မတီဝင်က ဆိုပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ SPTSC ၊ DDMSC ၊ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ
