ဇွန်-၁၅၊၂၀၂၅။ထားမြတ်/People’s Spring
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကိုရီးယားရောက်မြန်မာများကဆန္ဒပြခဲ့ကြသည်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား) က ဦးစီးကျင်းပသည့် အဆိုပါ ဆန္ဒပြပွဲနှင့် ချီတက်ပွဲလှုပ်ရှားမှုကို ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရာနှင့်ချီသော ကိုရီးယားရောက်မြန်မာများပါဝင်ခဲ့ကြသည်။
ဆန္ဒပြပွဲနှင့် ချီတက်ပွဲသိ့ လူအင်အား ၃၀၀ ခန့် လာရောက်ပါဝင်ခဲ့ပြီး ဆိုးလ်မြိုလယ် ဘိုရှင်းဂတ်ပန်းခြံမှမြောင်ဒုံဘူတာအထိချီတက်လမ်းလျှောက်ဆန္ဒပြသည်ဟု ပါဝင်ဆန္ဒပြခဲ့သူများကပြောသည်။

Public Service Announcement
ဆန္ဒပြပွဲတွင် ပါဝင်သူများက “အမေစု ကျန်းမာပါစေ” ၊ “အမေစုအမြန်ဆုံးလွတ်မြောက်ပါစေ”၊ “အမေစု သက်တော်ရာကျော်ရှည်ပါစေ”ဟု ပြောကြားခဲ့ကြပြီး ကိုရီးယားဘာသာစကားဖြင့်လည်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒပြပွဲသို အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း လည်း တက်ရောက်ခဲ့ကြောင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား) က အသိပေးသည်။ဦးရန်နိုင်ထွန်းကတော်လှန်ရေးစကားနှင့် ဒေါ်အောင်ဆန်းစုကြည် ၈၀ပြည့်နှစ် မွေးနေ့အတွက် ဆုတောင်းစကား ပြောကြားခဲ့ဟုသိရသည်။
ဆန္ဒပြချီတက်ပွဲတလျှောက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း၏ မွေးနေ့ ဆုတောင်းစကား အပါအဝင် ဒေါ်စု၏ ရုပ်သံမှတ်တမ်းများ၊ ဂုဏ်ပြုတေးသီချင်းများကို ကိုရီးယား အင်္ဂလိပ် မြန်မာ သုံးဘာသာဖြင့် ထုတ်လွှင့်ပြသခဲ့သည်။
ဆန္ဒပြပွဲပါဝင်သူများက လူထုခေါင်းဆောင်မွေးနေ့ ပြည်တွင်းလှုံ့ဆော်မှုကို အားပေးသည့်အနေဖြင့် အပြာရောင်ဝတ်ဆင်ပြီးနှင်းဆီပန်းများလည်း ကိုင်ဆောင်ကြကြောင်း၊ ထို့ပြင်မြန်မာ့နွေဦးတော်လှန်ရေး ကိုရီးယားဘာသာ လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြောင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)ကအသိပေးသည်။
လူထုခေါင်းဆောင်၏ အသက် ၈၀ ပြည့်နှစ်မွေးနေ့ အထိမ်းအမှတ် လူထု ဆန္ဒပြ ချီတက်ပွဲတွင် “ခွန်အားဖြည့်မိငယ်” ၊“ကြယ်” သီချင်းများဖြင့် ဂုဏ်ပြုကြပြီး “သွေးသစ္စာ”သီချင်း သံပြိုင်သီဆို၍ ရုတ်သိမ်းခဲ့ကြောင်းလည်း ထုတ်ပြန်သည်။
ဓါတ်ပုံ-ပေးပို့
