ဇွန်-၁၅၊၂၀၂၅။သတိုး၊ရဲခေါင်/People’s Spring
စစ်ကိုင်းတိုင်း မုံရွာမြို့ အခြေစိုက် စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကို ၁၀၇ မမ ရှော့တိုက်ဒုန်းများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့တာဝန်ရှိသူကပြောသည်။
“ပစ်လိုက်တဲ့အချိန်မှာသူတို့ထဲကအကောင်ကြီးတကောင်ရောက်နေလို့ အစည်းအဝေးလုပ်ပြီးလို့ သောက်ပွဲစားပွဲကျင်းပေနေချိန်နဲ့တိုးတယ်လို့သိရပါတယ်။ပစ်လိုက်တဲ့သုံးလုံးထဲကတစ်လုံးက စားပွဲသောက်ပွဲနေရာကို ကျသွားတယ်လို့တော့သိရပါတယ် အထိအခိုက်တော့စုံစမ်းနေဆဲပါ” ဟု ၎င်းကပြောသည်။
အဆိုပါစစ်ဆင်ရေးကို ဇွန် ၁၄ ရက် ည ၁၀ နာရီ ၁၀ မိနစ်တွင် Brave Warriors for Myanmar (BWM) အဖွဲ့နှင့်အတူ Shadow (မုံရွာ) အဖွဲ့၊ ရွှေတြိဂံမဟာမိတ်တပ်ရင်း ၊ Justice Brothers Force အဖွဲ့ တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ၎င်းကဆိုသည်။

Public Service Announcement

“ကျနော်တို့ပစ်ပြီးပြီးချင်းနမခထဲကတန်ပြန်ပစ်ခတ်မှုတွေလုပ်ပါတယ် ဒါပေမယ့်ရဲဘော်တွေအားလုံးဘေးကင်းပါတယ်” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။
နမခကို ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ခံရပြီးနောက် စစ်တပ်ဘက်ကလည်း လက်နက်ကြီး အသေးများဖြင့် ပြန်လည်ပစ်ခတ်ပြီး ပစ်ခတ်သံများကြားရကြောင်းဒေသခံအချို့ကပြောသည်။
နမခသည်စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနှင့် ချင်းပြည်နယ်ရှိ စစ်ကောင်စီ ၏လက်ရုံးတပ်ဖွဲ့များကို အဓိကအမိန့်ပေးကွပ်ကဲနေသော စစ်ဌာနချုပ်ဖြစ်သည်။ထို့အပြင် ပြည်သူများကို စစ်ကြောင်းထိုး သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ လေယာဉ်များနှင့် စက်တပ်လေထီးများဖြင့် ဗုံးကြဲ သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်နေသော တိုင်းစစ်ဌာနချုပ်ဖြစ် သည်။
တော်လှန်ရေးအင်အားစုများ နှင့် ပြည်သူလူထုကို အကြမ်းဖက်နေသောကြောင့် BWM နှင့်မဟာမိတ်များ၏ Mission 41 အဖြစ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
လက်ရှိ နမခ တိုင်းမှူးသည် ဗိုလ်မှူးချုပ်မျိုးမင်းထွေးဖြစ်ကာ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်တွင်အမှတ်၁၃တန်းမြင့်သင်တန်းကျောင်း (သပိတ်ကျင်း) ကျောင်း အုပ်ကြီး အဖြစ်မှ ပြောင်းရွှေ့လာသူဖြစ်သည်။
“နမခ အတွင်း ပျော်ပွဲ ရွှင်ပွဲ ကျင်းပမည်ကို ကြားသိရသောကြောင့် စကစ နှင့် အပေါင်းအပါများ မလုံခြုံသည့် ခံစားချက်နှင့် အမြဲတမ်းခြိမ်းချောက်ခံနေရသည့် ခံစားချက်ကိုရစေရန်လဲရည်ရွယ်ပါသည်” ဟု BWM ကထုတ်ပြန်ထားသည်။
BWMနှင့် မဟာမိတ်များ အနေဖြင့် နမခ ကို ယခုနှစ်ဇန်နဝါရီ လတွင် ပထမဆုံးအကြိမ်တိုက်ခိုက်ခဲ့ပြီး မတ်လတွင် ဒုတိယအကြိမ် ၊ မေလတွင် တတိယအကြိမ် နှင့် ယခုအကြိမ်သည် စတုတ္ထအကြိမ်မြောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
နမခကိုရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ခံရပြီနောက်စစ်တပ်က အနီးပတ်ဝန်းကျင်ကျေးရွာများကိုစစ်ကြောင်းထိုးလာကြောင်းဒေသခံနှင့်ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လူထုနွေဦးသို့ပြောသည်။
ထို့အတူ မုံရွာမြို့နယ်အတွင်း ယာယီ အခြေပြုတပ်စွဲထားသည့်နေရာများမှ စစ်ကောင်စီတပ်၏ စစ် ကြောင်းလှုပ်ရှားမှုလည်းတွေ့ရသည်ဟု သိရသည်။
“နမခ ကို Lockdown ချပြီး ပတ်ဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးနေတယ်”ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက လူထုနွေဦးသို့ပြောသည်။
နမခအနီးပတ်ဝန်းကျင်တွင် ဇီးတော၊မြေနီကျင်း၊မန္တလာ၊ကံကြီး၊သပြေတော၊ ညောင်ခြေထောက်နှင့်ကျီးကုံး ရွာများရှိသည်။
ဇွန်လ ၁၅ ရက် နံနက်ပိုင်းတွင် သံ ပြာကာ ကားခြောက်စီး မုံရွာ နမခ မှထွက်ခွာခြင်း၊မအူဂိတ် မှစစ်ကောင်စီတပ်သား များ သေနတ်ပစ်ဖောက်ခြင်း နှင့် ဗောဓိတစ်ထောင် တွင်တပ်စွဲထားသည့် စစ်တပ်စစ်ကြောင်း တပ်ဖြန့်လှုပ်ရှားနေကြောင်း စစ်ရေးအ ချက်အလက်များကို ထောက်လှမ်းသည့် မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖော်ပြသည်။
