■စစ်တပ်ကလေကြောင်းမှအပြင်းအထန်ခုခံနေပြီး လက်နက်ခဲယမ်းများနှင့်သုံ့ပန်းအချို့ တော်လှန်ရေးတပ်များရရှိထား
ဇွန်-၆၊၂၀၂၅။ယောနသံ/People’s Spring
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်တွင် စစ်ကောင်စီ၏ အရေးပါသောစခန်းတစ်ခုဖြစ်သည့် ကမ်းဒေါင့်စခန်းသိမ်းတိုက်ပွဲ ၅ ရက်ဆက်ပြင်းထန်နေပြီး တော်လှန်ရေးတပ်များက စစ်တပ်ထံမှလက်နက်ခဲယမ်းများနှင့် သုံ့ပန်းအချို့ဖမ်းမိထားကာ စစ်ကောင်စီက လေကြောင်းမှအပြင်းအထန်ခုခံတိုက်ခိုက်နေသည်။
ဂန့်ဂေါ-ပုလဲလမ်းပိုင်းရှိကမ်းဒေါင့်စခန်းကို ဇွန်လ ၂ ရက်တွင် စတင်တိုက်ခိုက်ခြင်းဖြစ်သည်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ဦးဆောင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ကျန်တပ်ဖွဲ့များက စစ်ကောင်စီစစ်ကြောင်းများကို ဖြတ်တောက်တိုက်ခိုက်နေခြင်းဖြစ်သည်။

Public Service Announcement
” စစ်ဆင်ရေးဗျူဟာအတိမ်း အစောင်းဖြစ်မှာစိုးလို့ PLAက ရှေ့တန်းကနေတိုက်နေတာပါ။ ရလဒ်ကောင်းပါတယ်။ PLA ကထုတ်ပြန်ပါလိမ့်မယ်”ဟု ပူးပေါင်းစစ်ဆင်ရေးတွင်ပါဝင်နေသည့်တော်လှန်ရေးရဲဘော်တစ်ဦးကပြောသည်။
တိုက်ပွဲစတင်သည့် နေ့ကတည်းက စစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်ခဲ့ပြီး ဇွန်လ ၆ရက်တွင်လည်း နံနက် ၁နာရီမထိုးခင်မှစ၍ ဂျက်ဖိုက်တာဖြင့်ရော၊ Y12 လေယာဥ်ဖြင့်ပါဗုံးကြဲ၍ စခန်းမကျအောင် ခုခံတိုက်ခိုက်နေကြောင်းသတင်းရရှိသည်။
ထို့အပြင်ကမ်းဒေါင့်စခန်းကိုစစ်ကူရန်လာသည့် အင်မထီးရွာမှ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းမှာလည်းတော်လှန်ရေးတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ အဆိုပါစစ်ကြောင်းမှ စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ပြီး ငါးဦးကို အရှင်ဖမ်းမိထားကြောင်း သတင်းရရှိသည်။
ပုလဲမြို့နယ်တွင် ကမ်းဒေါင့်စခန်း၊ အင်မထီးရွာ၊ ဇီးဖြူကုန်းရွာ၊ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့တွင် စစ်ကောင်စီကတပ်စွဲထားပြီး ကမ်းဒေါင့်စခန်းသည် စစ်ကောင်စီနှင့်ပျူစောထီး အင်အားအများဆုံးရှိသောစခန်းဖြစ်သည်။ ၈မိုင်ခန့်ဝေးသောအင်မထီးရွာမှစစ်ကူလာရန်ကြိုးပမ်းခဲ့သော်လည်း ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သည်။
ကမ်းဒေါင့်စခန်းသိမ်းတိုက်ပွဲသည် ဇွန် ၆ ရက်ညနေအထိပြင်းထန်နေပြီး စစ်ကောင်စီကလေကြောင်းမှဆက်လက်ဗုံးကြဲခုခံနေကြောင်းသတင်းရရှိသည်။စခန်းကို စီးနင်းတိုက်ခိုက်နေဆဲဖြစ်ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိကြောင်း သတင်းရရှိသည်။
သို့သော်တော်လှန်ရေးပူးပေါင်းတပ်များက သတင်းမထုတ်ပြန်သေးပေ။
ပုလဲမြို့နယ်တွင် ကမ်းဒေါင့်စခန်းကိုသိမ်းယူနိုင်ပါက ကျန်စခန်းများသည် ဖြတ်တောက်ပိတ်ဆို့ထားရုံဖြင့် လက်နက်ချနိုင်ကြောင်း ကာကွယ်ရေးရဲဘော်များကပြောသည်။
