မေ ၂၄၊၂၀၂၅။ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ရွှေကျင်(ဆောထိ)နှင့် ကျောက်ကြီး(လယ်ဒို)မြို့နယ်များတွင် စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃ဦး အပါအဝင် ပြည်သူ ၄ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုကယနေ့(မေလ ၂၄ရက်) ထုတ်ပြန်သည်။
KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်က အရပ်သားများ ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံး အခြေအနေကို ထုတ်ပြန်အသိပေးခြင်းဖြစ်သည်။
မေလ ၂၁ရက်က ရွှေကျင်မြို့နယ် သံဆိမ်စခန်းမှ စစ်ကောင်စီတပ်၏ စုပေါင်းတပ်များမှ ထင်ကျော်ရော်ဘာခြံ နတ်စဉ်တံတားတွင် ခရီးသွာလာနေသော ဒေသခံပြည်သူများအား သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဝိုင်းကျွန်းကျေးရွာမှ (၅၀)ကျော် အမျိုးသားနှင့် တပင်ချောင်းကျေးရွာမှ (၆၂)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ (၂၁)နှစ်အရွယ် လူငယ်တစ်ဦး ဒဏ်ရာရခဲ့ဟု ဖော်ပြသည်။

Public Service Announcement
မေလ ၂၃ရက်တွင်လည်း စစ်ကောင်စီ၏ ခမရ(၃၀၇)တပ်ရင်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ မတောကုန်းကျေးရွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ကာ အိမ်ရှင်အမျိုးသမီး တစ်ဦးနှင့် နရွဲပင်ကျေးရွာမှ စစ်ဘေးတိမ်းရှောင်လာသည့် (၇၅)နှစ်အရွယ် အဘွားအိုတစ်ဦး သေဆုံးခဲ့ရကြောင်း KNUက ထုတ်ပြန်သည်။
စစ်ကောင်စီသည် KNUအုပ်ချုပ်နယ်မြေများရှိ ပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိ၍ ပြည်သူသေဆုံးထိခိုက်မှုများ၊ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရမှုများ ကြုံနေရသည်။
