close
Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုရှိ သတ္တုကုမ္ပဏီကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ တရုတ်ယွမ် ၁သန်းခွဲကျော် ဆုံးရှုံးဟု TNLA ထုတ်ပြန်

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ရှဲဆန်သတ္တုကုမ္မဏီကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်း တိုက်ခိုက်ခဲ့၍ ကုမ္ပဏီရှိ စက်ပစ္စည်းများပျက်စီးဆုံးရှုံးခဲ့ဟု TNLA က သတင်းထုတ်ပြန်သည်။

နောင်ချိုမြို့နယ်ရှိ ရှဲဆန်သတ္တုကုမ္မဏီကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ − TNLA

ဂန့်ဂေါမြို့နယ် ရေရှင်ရွာကိုလည်း စစ်ကောင်စီ ဗုံးကြဲ

မေ ၂၀၊၂၀၂၅။ထားမြတ်၊က​ဖေး/People’s Spring

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ရှဲဆန်သတ္တုကုမ္မဏီကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်း တိုက်ခိုက်ခဲ့၍ ကုမ္ပဏီရှိ စက်ပစ္စည်းများပျက်စီးဆုံးရှုံးခဲ့ဟု TNLA က သတင်းထုတ်ပြန်သည်။

မေလ ၁၁ရက်က အဆိုပါ ကုမ္ပဏီကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပေါင် (၅ဝဝ)ဗုံး နှစ်လုံး လာရောက်ကြဲချခဲ့ရာ ကုမ္မဏီအသုံးပြုနေသော ဘတ်ဖိုး တစ်စီး၊ သတ္တုထုတ်စက် တစ်လုံး၊ စက်ပစ္စည်းများထားရှိသောဂိုဒေါင် တစ်လုံးနှင့် အခြားသောပစ္စည်းများစွာ ထိမှန်ပျက်စီးခဲ့ပြီး စုစုပေါင်းကာလတန်ဖိုး တရုတ်ငွေ ၁၆၈ဝဝဝဝယွမ် ပျက်စီးဆုံးရှုံးခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် မေလ ၁၈ရက်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာ အုပ်စု၊ ရတနာသင်္ဂီကျေးရွာအနီးတွင် ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅ဝ)ဗုံး ခြောက်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တရုတ်အစိုးရ ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် TNLA အကြား အပစ်ရပ်စဲရေး ဆွေးနွေးအပြီး စစ်ကောင်စီက နောင်ချိုအပါအဝင် TNLA ထိန်းချုပ်မြို့ရွာများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့ ၊ မန်တုံမြို့နယ်များကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့သည့်အပြင် ဒရုန်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ ပြည်သူ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

တဖက်တွင် စစ်ကောင်စီက ငလျင်ဘေး အကြောင်းပြပြီး မေလကုန်အထိ အပစ်ရပ်စဲကြောင်း ကြေညာထားသော်လည်း PSLF/TNLA အုပ်ချုပ်သောမြို့နယ်များကို မြေပြင်ထိုးစစ်ဆင်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများပစ်ခတ်ခြင်း၊ဒရုန်း၊ လေကြောင်းတို့ဖြင့် နေ့စဉ် တိုက်ခိုက်လျက်ရှိဟု TNLAက အသိပေးသည်။

ထိုကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရန်စစ်ရေးသတိအမြဲရှိရန်လိုအပ်ကြောင်း ထပ်လောင်း အသိပေးထားသည်။

တခြားသတင်းတရပ်အဖြစ် မကွေးတိုင်း၊ ဂန့်ဂေါမြို့မြောက်ပိုင်း ရေရှင်ကျေးရွာကို စစ်ကောင်စီက ယနေ့(မေလ ၂၀ရက်) နံနက်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲခဲ့သည်။

နံနက် ၉နာရီခွဲခန့်တွင် ဗုံးကြဲခြင်းဖြစ်ပြီး ဒေသခံများ ထိခိုက်မှုရှိသည်ဟု ကနဦးသတင်းရရှိထားကြောင်း ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

” ရေရှင်ကို ကြဲသွားတာပါ။ ကျနော်တို့နဲ့ ဝေးတယ်။ ဒေသခံတွေထိတယ်ကြားတယ်။ ‌ကြိုးစားဆက်သွယ်မေးနေတုန်းပဲ”ဟု ဂန့်ဂေါမြို့မှ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ဂန့်ဂေါမြို့အပါအဝင် ယောဒေသ၌ ရွေးကောက်ပွဲပြုလုပ်‌နိုင်ရေးအတွက် လေကြောင်းအင်အားသုံး၍ ထိုးစစ်ဆင်ရန် ကြိုးပမ်းနေပြီး ဒေသခံပြည်သူများ လေကြောင်းအန္တရာယ်နှင့် လုံခြုံရေးအန္တရာယ်သတိပြုရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များက သတိပေးထားသည်။

မေလ ၁၄ရက် ညကလည်း ဂန့်ဂေါမြို့နယ်၊ လာပို့ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲခဲ့သည်။ ကျောင်းဆောင်ပျက်စီးသွားသော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံများထံမှသတင်းရရှိသည်။

ဂန့်ဂေါမြို့နယ်တွင် ၂၀၂၅အတွင်း အဆိုးရွားဆုံးလေကြောင်းဗုံးကြဲမှုမှာ မတ်လ ၂၂ရက်က ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ နှမ်းခါးကျေးရွာဆေးခန်းကို ဗုံးကြဲခဲ့မှုဖြစ်သည်။ အဆိုပါဖြစ်စဉ်အတွင်း CDM ဆရာဝန် ဒေါက်တာမြစိုးအောင်နှင့် ကိုယ်ဝန်ဆောင် ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေ၊ သားဖြစ်သူတို့အပါအဝင်ဒေသခံ ၁၁ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့သည်။

လက်ရှိတွင်လည်း ဂန့်ဂေါမြို့ပေါ်ရှိ ခြေလျင်တပ်ရင်း ခလရ(၅၀)တပ်ရင်းမှ စစ်ကြောင်းသည် ကျေးရွာအချို့ကို စစ်ကြောင်းထိုးနေသည်။

မေလ ၁၂ရက်ကမြို့အရှေ့တောင်ဘက်ရှိ လယ်မကျေးရွာကို စီးနင်းဝင်ရောက်ပြီးနောက် အသက် ၆နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သား ၁၁ဦးကို သတ်ဖြတ်သွားကာ ၁၁ဦးဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသမီးအချို့ပါဝင်ပြီး ယနေ့အထိ အဆက်အသွယ်မရရှိသေးကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်၍ စစ်ရှောင်လူငယ်တစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်က ကန်ဆင့်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူလေးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံ တွေဆီက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် လိပ်ကျရွာကို မနေ့ညပိုင်းက စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ၄လုံးပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

သတင်း

စဉ့်ကူးမြို့နယ်ကိုလည်း နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်

Facebook