■စစ်အုပ်စုဝင် ၅၀ထက်မနည်းသေဆုံးပြီး လက်နက် ၃၀ခန့် သိမ်းရဟု စစ်ဆင်ရေးထုတ်ပြန်
မေ ၂၄၊၂၀၂၅။ရဲခေါင်/People’s Spring
မန္တလေးတိုင်းအတွင်း ၉/အညာမြေ စစ်ဆင်ရေးအဖြစ် မေလ ၁၅ရက်ကစ၍ မြင်းခြံ၊နွားထိုးကြီး၊တောင်သာနှင့် ငါးန်းဇွန်မြို့နယ်တို့ရှိ စစ်ကောင်စီဂိတ်စခန်းများတိုက်ခိုက်ရာ စစ်အုပ်စုဝင် ၅၀ထက်မနည်းသေဆုံးကာ လက်နက် ၃၀ခန့် သိမ်းဆည်းရရှိကြောင်း အဆိုပါ စစ်ဆင်ရေးက ယနေ့(မေလ ၂၄ရက်) ထုတ်ပြန်သည်။
မြင်းခြံခရိုင်စစ်ဌာနမှ ခရိုင်ကွပ်ကဲရေးမှူး၏ စီမံကွပ်ကဲမှုဖြင့် မြင်းခြံမြို့နယ်ရှိ ဆီးမီးခုံရဲစခန်း၊ ကျောက်ပြုတ်ရွာ ပျူစောထီးစခန်း၊တောင်ရှေ့ဂိတ်အထိုင်စခန်း၊ (၁၈)ရပ်ကွက်နှင့် ခရိုင်ထွေအုပ်ရုံးတို့ကို တိုက်ခိုက်ခဲ့သည်။

Public Service Announcement
ထို့အပြင် နွားထိုးကြီးမြို့နယ်ရှိ ဝက်လူးရဲစခန်း Gas ပိုက်လိုင်းနှင့် မြို့မစခန်း၊ ဇီရွာအနီး စစ်ကြောင်း ၊ တောင်သာမြို့နယ်တွင် ထနောင်းကုန်းပျူစောထီးရွာစခန်း၊ မြို့ဝင်ဂိတ် Gas ပိုက်လိုင်းနှင့် ငါန်းဇွန်မြို့နယ်ရှိ မြို့ဝင်ဂိတ်၊ မြို့သာဘဏ်စောင့်ကင်းစခန်းတို့ရှိ စစ်ကောင်စီတပ်သားများကို တပြိုင်တည်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သား၊ ရဲနှင့် ပျူစောထီး စုစုပေါင်း ၅၀ ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရကာ သေနတ် ၂၇လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်းဖော်ပြသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏ လေကြောင်းပစ်ကူ Jet Fighter ၊ Y−12 နှင့် Mi−35 တို့ဖြင့် ဗုံးကြဲလေကြောင်းတိုက်ခိုက်ခဲ့သော်လည်း ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း အသိပေးထားသည်။
သိမ်းဆည်းရရှိသည့်လက်နက်များအရ MA 11 နှစ်လက်၊MA 13 သုံးလက်၊G3 နှစ်လက်၊ MA 3 သုံးလက်၊ပါရီ နှစ်လက်၊ကာဘိုင်တစ်လက် ၊လက်လုပ်အတို တစ် လက်၊ ၉လုံး နှစ်လက်၊ M22 လက်လုပ် တစ်လက်၊ MA 1 ရှစ်လက်၊ MA 2 နှစ်လက်နှင့် ကျည်ဘောက် ၄၃ခုတို့ ဖြစ်ကြောင်း ထပ်မံဖော်ပြထားသည်။
ထို့အပြင် ကျည်များ ဂျန်ပါ တစ်လုံး၊ မိုင်းရှာစက်တစ်လုံး ဆိုင်ကယ် ၁၅စီးနှင့် ငွေကျပ် သိန်း၁၀၀ နီးပါး သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါ တိုက်ပွဲဖော်ဆောင်မှုအား မြင်းခြံခရိုင် Commando ၊ မြင်းခြံခရိုင်တပ်ရင်း (၁၊၂၊၃၊၄၊၆၊၇၊၈၊၉၊၁၀) ၊မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့၊မြင်းခြံမြို့နယ် ပကဖ၊နွားထိုးမြို့နယ် ပကဖ၊တောင်သာမြို့နယ် ပကဖ၊ငါန်းဇွန်မြို့နယ် ပကဖ၊ကျောက်ဆည်ခရိုင် Commando၊မိတ္ထီလာခရိုင်အမှတ်(၃) တပ်ရင်း၊နေပြည်တော် အမှတ်(၈၀၁)တပ်ရင်းတံတားဦးမြို့နယ် ပကဖနှင့် မိတ္ထီလာ ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြင်းခြံ၊နွားထိုးကြီး၊တောင်သာနှင့် ငါးန်းဇွန်မြို့နယ်တို့၌ ခရိုင်အဆင့်စစ်ဆင်ရေး ဆက်လက်ဖော်ဆောင်မှု ရှိ၊မရှိနှင့် စခန်းသိမ်းတိုက်ပွဲများနှင့်ပတ်သက်ပြီး ၉/ အညာမြေ စစ်ဆင်ရေးတာဝန်ရှိသူထံလူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။
