မေ ၂၄ ၊၂၀၂၅။ ရဲခေါင်၊ဇော်ရမ်း/People’s Spring
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ အထိနာ၍ ဆုတ်ခွာထွက်ပြေးသွားပြီး သေဆုံးရုပ်အလောင်းများ တွေ့ရှိကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)တပ်ခွဲ(၅)က ယနေ့(မေလ ၂၄ ရက်)တွင် ထုတ်ပြန်သည်။
ပဲခူးရိုးမရှိ ခါချဥ်တောင်ပေါ်သို့ စိန်ကန့်လန့်−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းအတိုင်း တက်လာသော အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား မေလ ၂၂ ရက် ညကစ၍ ဟိုင်းယုလမ်းဆုံနှင့် ပျဥ်ကတိုးခင်းကျေးရွာကြားရှိ တရုတ်ပေါက် ကျောက်ကုန်းအနီး၌ စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု အထက်ပါတပ်ရင်းက ဆိုသည်။
တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၁နာရီခန့်ကြာ အပြန်အလှန်ပစ်ခတ်ပြီး စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်း သေဆုံး၍ အများအပြားဒဏ်ရာရရှိကာ အထိနာသွား၍ ဘန့်ဘွေးကုန်းကျေးရွာဘက်သို့ တပ်ဆုတ်ထွက်ပြေးသွားကြောင်း အသိပေးသည်။

Public Service Announcement
ယမန်နေ့(မေလ ၂၃ ရက်)နံနက် ၅နာရီခွဲခန့်တွင် တိုက်ပွဲအတွင်း သေဆုံးသွားသော ရုပ်အလောင်းများ လာကောက်သည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ထပ်မံထိတွေ့တိုက်ပွဲ ၁၅မိနစ်ခန့်ကြာ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။
ယနေ့ (မေလ ၂၄ ရက်)နံနက်တွင် ရဲဘော်များက တိုက်ပွဲဖြစ်ပွားရာ နေရာအနီး နယ်မြေရှင်းလင်းရေး ပြုလုပ်ရာတွင် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည့်အပြင် ချောက်ကမ်းပါးအတွင်း ပစ်ချထားသော သေဆုံး စစ်ကောင်စီတပ်သားအလောင်း တစ်လောင်း၊မြေကြီးအတွင်း မြုပ်ထားသည့် ရုပ်အလောင်း သုံးလောင်းကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
“တိုက်ပွဲဆက်ဖြစ်လာနိုင်တယ်။မိုးမရွာရင် ဒီကောင်တွေ ပြုတ်မှာ”ဟု သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)တပ်ခွဲ(၅)တာဝန်ရှိသူက ပဲခူးရိုးမသို့ စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်အခြေအနေအပေါ် လူထုနွေဦးသို့ ပြောသည်။
မေလ ၁၁ ရက်ကလည်း မင်းလှမြို့နယ် ပဲခူးရိုးမအတွင်းရှိ စိန်ကန့်လန့် နှင့် မြို့ချောင်းရိုးမဖြတ်ကျော် လမ်းဘေး ဟိုင်းယုလမ်းဆုံရှိ တပ်စခန်းမှ စစ်ကောင်စီတပ်စခန်းကို သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂ ) တပ်ခွဲ(၅)က သိမ်းပိုက်ထားသည်။
